မေ ၂၉၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပစ်ချမှုကြောင့် ရွှေကူမြို့၌ အရေးပေါ် ဆင်းသက်စဉ် ဒရုန်းဖြင့် ထပ်မံဗုံးသီးချတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသည့် ရဟတ်ယာဉ်ကို စစ်ကောင်စီ ပြန်လည် သယ်ယူသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မေလ ၂၀ရက်တွင် ဗန်းမော်မြို့အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ စစ်ကူလာပို့သည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်သုံးစီးကို KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ၂စီးထိမှန်ခဲ့ပြီးတစ်စီးသည် ရွှေကူမြို့နှင့် (၁၅)မိုင်ခန့်အကွာ စီငန်းကျေးရွာအနီးတောအတွင်း ပျက်ကျခဲ့သည်။

ရွှေကူမြို့ ခလရ(၅၆)တပ်ရင်းသို့ အရေးပေါ် ဆင်းသက်ခဲ့ရသည့် ရဟတ်ယာဉ်ကိုလည်း မေလ ၂၁ရက်တွင် KIA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ထိမှန်ပျက်စီးခဲ့သည်။

Public Service Announcement
” ဒရုန်းနဲ့ သုံးကြိမ် ဗုံးချ။ အသေခံဒရုန်းနဲ့ ၂ကြိမ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ရဟတ်ယာဉ်ကို စစ်ကောင်စီက မော်တော်ယာဉ်များဖြင့် ပတ်ချာလည် ကာကွယ်ထားသည့် အခြေအနေတွင် KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြသသည့် မှတ်တမ်းဓာတ်ပုံ၌ တွေ့ရသည်။
ရွှေကူမြို့၌ အရေးပေါ် ဆင်းသက်ခဲ့သည့် ရဟတ်ယာဉ်ကို ပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။
ယင်းတိုက်ခိုက်ခဲ့သည့် ရဟတ်ယာဉ်အပျက်ကို စစ်ကောင်စီက အခြားရဟတ်ယာဉ်ဖြင့် တွဲချိတ် သယ်ဆောင်သွားသည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
KIAသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလတွင် မိုးမောက်ဒေသ၌ ရဟတ်ယာဉ် ၁စီး၊ ၂၀၂၄ ဇန်နဝါရီတွင် KIO ဌာနချုပ်ဟောင်းနယ်မြေ နားဖော့ဒေသ၌ ရဟတ်ယာဉ် တစ်စီး၊ ယင်းနှစ် ဇန်နဝါရီ လလယ်၌ပင် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ၁၂၃ တပ်ရင်းစခန်းသိမ်းတိုက်ပွဲအတွင်း တိုက်လေယာဉ် တစ်စီး၊ ယခုနှစ် မေလ တတိယပတ်တွင် ရဟတ်ယာဉ် ၂စီး ထိမှန်အောင် ပစ်ချနိုင်ခဲ့သည်။
