close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အစိုးရ အဖွဲ့ကနေ မတ်စ်ခ် ထွက်ခွာ

အီလွန်မတ်စ်ခ်ဟာ အမေရိကန် အစိုးရ အဖွဲ့ထဲကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

The New York Times

အီလွန်မတ်စ်ခ်ဟာ အမေရိကန် အစိုးရ အဖွဲ့ထဲကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် လူသိများသလို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အရင်းနှီးဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ မတ်စ်ခ်ဟာ ထရမ့်လက်ထက်၊ အမေရိကန် ဖက်ဒရယ် အစိုးရရဲ့ ဝန်ထမ်းအင်အားနဲ့ ဗျူရိုကရေစီ နှောင့်နှေးမှုတွေ လျှော့ချရေး အစီအမံတွေကို အဓိက ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဦးဆောင်တဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ဟာ အမေရိကန် အစိုးရ ဝန်ထမ်း အမြောက်အမြားကို အလုပ်ထုတ်ပစ်ခဲ့သလို အမေရိကန် အစိုးရ လက်အောက်ခံ နိုင်ငံတကာ အေဂျင်စီတွေကို ဖျက်သိမ်းပစ်တာ၊ အလွန်အကျွံ ဝန်ထမ်းလျှော့ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါတွေဟာ အစိုးရရဲ့ စရိတ်ပြုန်းတီးမှုတွေကို လျှော့ချဖို့ ဖြစ်တယ်လို့ မတ်စ်ခ်နဲ့ DOGEက အကြောင်းပြခဲ့ပါတယ်။

မတ်စ်ခ်ဟာ အစိုးရ အဖွဲ့ထဲမှာ ထရမ့်ရဲ့ ထိပ်တန်း အကြံပေး တစ်ဦးအဖြစ် အလုပ်လုပ်နေခဲ့ရာက မေလ ၂၈ ရက် ညနေပိုင်းမှာတော့ အစိုးရ အဖွဲ့ကို စွန့်ခွာကြောင်း ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။ အစိုးရ ဝန်ထမ်း အများအပြားကို ထုတ်ပယ်ခဲ့ခြင်းကို အကြောင်းပြုပြီး မတ်စ်ခ်အပေါ် လူမုန်းပိုများလာခဲ့သလို သူပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကုမ္ပဏီ Teslaလို လုပ်ငန်းတွေကို လူထုက ပစ်မှတ်ထား ဆန့်ကျင်ဆန္ဒပြတဲ့ အခြေအနေတွေကိုလည်း ကြုံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အတွင်းလူ တချို့ကတော့ ဘီလီယံနာ သူဌေးကြီး မတ်စ်ခ်ဟာ ဝါရှင်တန် ဒီစီရဲ့ သူနဲ့ အကျွမ်းတဝင် မရှိတဲ့ နိုင်ငံရေး ရပ်ဝန်းမှာ ရုန်းကန်ခဲ့ရသလို လုပ်ဆောင်နိုင်မှု အပိုင်းတွေမှာလည်း မျှော်လင့်ထားတဲ့ အနေအထားထိ မရောက်လို့ စိတ်ပျက်ခဲ့တယ်လို့ ပြောပါတယ်။

မူလက မတ်စ်ခ်ဟာ အစိုးရ အသုံးစရိတ်တွေကို ဒေါ်လာ ၂ ထရီလီယံ ဖြတ်တောက်ပြမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နောက်တော့ အဲဒီပစ်မှတ်ကို ဒေါ်လာ ၁ ထရီလီယံထိ လျှော့ချခဲ့ရပြီး နောက်ဆုံးမှာတော့ ဒေါ်လာ ၁၅၀ ဘီလီယံလောက်သာ လျှော့ချနိုင်တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒါ့အပြင် မတ်စ်ခ်ဟာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို အပါအဝင် ထရမ့်အစိုးရ အဖွဲ့ထဲက တခြားထိပ်တန်း အရာရှိတွေနဲ့လည်း သဘောထားတင်းမာ ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ဒါတင်မကဘဲ သူဟာ လောလောလတ်လတ် အနေနဲ့ ထရမ့်ရဲ့ အခွန်နဲ့ အသုံးစရိတ်ဆိုင်ရာ မူဝါဒ တချို့ကိုလည်း ဝေဖန်ထားပါသေးတယ်။ အဲဒီ မူဝါဒတွေဟာ သူနဲ့ DOGE ကြိုးစား လုပ်ဆောင်နေတဲ့ စရိတ်လျှော့ချရေး ရည်မှန်းချက်တွေကို အရာမထင် ဖြစ်သွားစေနိုင်တယ်လို့ မတ်စ်ခ်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က CBSနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့မှာတော့ သူ့ရဲ့ အစိုးရ အထူးအရာရှိ တစ်ဦးဘဝ ဖြတ်သန်းမှုဟာ ပြီးဆုံးတော့မှာ ဖြစ်ကြောင်း၊ မလိုအပ်တဲ့ အလဟဿ ဖြုန်းတီးမှုတွေကို လျှော့ချနိုင်အောင် သူ့ကို အခွင့်အရေး အပ်နှင်းခဲ့တဲ့ သမ္မတ ထရမ့်ကို အထူးကျေးဇူးတင်ကြောင်း မတ်စ်ခ်က သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း Xမှာ ရေးသားထားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း မတ်စ်ခ်ဟာ အစိုးရ အဖွဲ့ကနေ ထွက်ခွာတော့မယ် ဆိုတာကို သီးခြား အတည်ပြုချက် ပေးခဲ့ပါတယ်။

မတ်စ်ခ်က သူ့ကိုယ်သူ အစိုးရ အထူးအရာရှိလို့ သုံးနှုန်းခဲ့တာက သူဟာ သမ္မတရဲ့ အခွင့်အာဏာနဲ့ ရက်ပေါင်း ၁၃၀ ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ရာထူးနေရာကို လက်ခံခဲ့ကြောင်း ညွှန်ပြနေပါတယ်။ အခုတော့ အဲဒီ သက်တမ်းဟာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

DOGEရဲ့ မစ်ရှင်တွေဟာ အချိန်နဲ့အမျှ ဆက်လက် တိုးတက်နေပြီး အစိုးရ အဖွဲ့ထဲမှာ အရှည်တည်တံ့ ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း မတ်စ်ခ်က Xမှာ ရေးသားထားခဲ့ပါတယ်။

အစောပိုင်းမှာ ကတည်းက မတ်စ်ခ်ဟာ အချိန်ကာလ တစ်ခုရောက်ရင် အစိုးရ အဖွဲ့ထဲက ထွက်ခွာပြီး သူ့ရဲ့ ကိုယ်ပိုင် လုပ်ငန်းတွေမှာ ပြန်လည် အာရုံစိုက်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားထားခဲ့ဖူးပါတယ်။

ကိုးကား: Time

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်တွင်းမှာ ရှိနေတဲ့ တရုတ် ကျောင်းသား အများအပြားရဲ့ ဗီဇာတွေကို အပူတပြင်း လိုက်လံ ရုပ်သိမ်းသွားမယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

သတင်း

အမေရိကန် အစိုးရက ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သားနှစ်ယောက်ကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု အသစ်တွေကိုချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ဝင်ငွေတွေ ထိုးကျလာတဲ့နောက် အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ဖို့ တာဝန်ယူထားတဲ့ သူ့ရဲ့ အစိုးရ အရာရှိ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်ပ သွင်းကုန် အခွန်အခတွေ မြှင့်တင် သတ်မှတ်နေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဆန့်ကျင်တဲ့ အနေနဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရက အမေရိကန် ဖက်ဒရယ် အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။