နှစ်နိုင်ငံ နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေကြားမှာ မိနစ်ပိုင်းလောက် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ပိုင်ဆိုင်မှု အငြင်းအခုံတွေ ရှိနေတဲ့ နယ်စပ်တစ်နေရာမှာ မေလ ၂၈ ရက်နေ့တုန်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ကမ္ဘောဒီးယား စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ မော်ဖယ်လာက ပြောပါတယ်။ သူက ကမ္ဘောဒီးယား စစ်တပ်ဟာ ပုံမှန်အတိုင်း ကင်းလှည့်နေတဲ့ အချိန်မှာ ထိုင်းစစ်တပ်ဖက်က စတင်ပစ်ခတ်ခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။
ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ကမ္ဘောဒီးယား စစ်သားတွေဟာ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ နေရာကို ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း၊ အဲဒီအတွက် ထိုင်းစစ်တပ်က သွားရောက်ပြီး ညှိနှိုင်းဖို့ ကြိုးစားပေမယ့် ကမ္ဘောဒီးယားဖက်က စတင် ပစ်ခတ်ခဲ့တာကြောင့် ထိုင်းစစ်သားတွေက မဖြစ်မနေ တုံ့ပြန်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
နှစ်ဖက်စစ်တပ်တွေကြားမှာ ၁၀ မိနစ်လောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် သက်ဆိုင်ရာ စစ်ဦးစီး အရာရှိတွေ ဆက်သွယ်ဆွေးနွေးပြီး နှစ်ဖက်စလုံး အပစ်ရပ်ဖို့ ညွှန်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ စစ်တပ်တွေကြား ဆက်လက် ညှိနှိုင်းနေကြဆဲလို့လည်း သိရပါတယ်။

Public Service Announcement
ထိုင်းစစ်တပ်က နှစ်နိုင်ငံ စစ်တပ် အကြီးအကဲတွေဟာ မေလ ၂၉ ရက်နေ့မှာ တွေ့ဆုံပြီး တင်းမာမှုတွေကို ဖြေလျှော့ဖို့ ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။
ကမ္ဘောဒီးယား စစ်တပ်က သူတို့ရဲ့ ကျဆုံးသွားတဲ့ စစ်သား ရုပ်အလောင်းကို နယ်စပ်ကနေ သယ်ယူလာပြီး နာရေး ကိစ္စအတွက် မိသားစုဆီ လွှဲပြောင်းပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ထိုင်းဖက်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
ထိုင်းကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က ပြဿနာကို ပြေလည်အောင် ရှင်းလင်းထားပြီး ဖြစ်သလို နှစ်ဖက်စလုံးကလည်း နောက်ဆက်တွဲ အရှုပ်အထွေးတွေကို မလိုလားကြဘူးလို့ ပြောပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်းက အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်ဒေသမှာ ထိန်းချုပ်နယ်မြေကိစ္စ အငြင်းပွားမှုနဲ့ ပတ်သက်လို့ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ အထင်ရှားဆုံး ဖြစ်ရပ် တစ်ခုကတော့ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားရာ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိတဲ့ ဖရာဗီဟီရာ ဧရိယာမှာ ၂၀၀၈ ခုနှစ်က နှစ်ဖက်စစ်တပ်တွေ ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခ ဖြစ်ခဲ့ခြင်းပါပဲ။
အခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း နယ်စပ်တစ်နေရာမှာ ကမ္ဘောဒီးယား စစ်သားတွေနဲ့ မိသားစုဝင်တွေက ဘုရားကျောင်းဟောင်း တစ်ခု ပရဝုဏ်ထဲ ဝင်ရောက်ပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ရာက ထိုင်းစစ်သားတွေနဲ့ အချင်းများခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့နောက် အငြင်းအခုံတွေလည်း အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။
ကိုးကား: NSNews
