မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည် တချို့ကို အစုလိုက် စမ်းသပ် ပစ်ခတ်ခဲ့ဟန်ရှိကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေလို့ ယူဆရတဲ့ အရာတွေ မြန်နှုန်းမြင့် ပျံသန်းသွားခဲ့တာကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဦးစီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ဝန်ဆန် ဒေသကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ မေလ ၈ ရက် မနက်ပိုင်းတုန်းက အရှေ့ပင်လယ်ဖက် ပျံသန်းသွားခဲ့တာကို ထောက်လှမ်း ရမိခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ အရှေ့ပင်လယ် ဆိုတာဟာ ဂျပန်ပင်လယ်ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ကလည်း မြောက်ကိုရီးယားဟာ ပြည်တွင်းဖြစ် ခေတ်မီ ဖျက်သင်္ဘော အသစ်မှာ တပ်ဆင် အသုံးပြုမယ့် စစ်လက်နက်တွေကို ပင်လယ်ပြင်မှာ လက်တွေ့စမ်းသပ် ပစ်ခတ်ခဲ့ပါသေးတယ်။ တန် ၅၀၀၀ အလေးချိန်ရှိတဲ့ အဲဒီ သင်္ဘောဟာ ရေတပ်ရဲ့ အစွမ်းအထက်ဆုံး လက်နက် ဖြစ်လာမယ်လို့ မြောက်ကိုရီးယားက ကြွေးကြော်ထားပြီး ၂၀၂၆ အစောပိုင်းလောက်မှာ စစ်ရေးတာဝန်တွေကို စတင် ထမ်းဆောင်နိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ရေး သုတေသီတွေကတော့ အဲဒီ သင်္ဘောဟာ ပင်လယ်ပြင်မှာ လက်တွေ့ ခုတ်မောင်းနိုင်တဲ့ အဆင့်မျိုး လောလောဆယ် မရှိသေးဘူးလို့ ယုံကြည်ထားကြပါတယ်။
လေ့လာသူ တချို့က မြောက်ကိုရီးယားဟာ အဲဒီသင်္ဘောမှာ တာတိုပစ် နျူကလီးယား ဒုံးကျည်တွေ တပ်ဆင်လာနိုင်မလား ဆိုတာမျိုး မေးခွန်းထုတ်နေပေမယ့် လက်ရှိ အနေအထား အရတော့ မြောက်ကိုရီးယားဟာ နျူကလီးယား ထိပ်ဖူးတွေကို သင်္ဘောမှာ တပ်ဆင်နိုင်လောက်တဲ့ထိ သေးငယ်အောင် တည်ဆောက်နိုင်တဲ့ နည်းပညာ ပိုင်ဆိုင်နေကြောင်း အထောက်အထား မတွေ့ရသေးပါဘူး။

Public Service Announcement
မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်နဲ့ ဒုံးကျည် တည်ဆောက်မှုတွေကြောင့် ကုလသမဂ္ဂဆီက တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြုံတွေ့နေတဲ့တိုင် လက်နက် စမ်းသပ်မှုတွေကို အရှိန်မပြတ် ဆက်လက် လုပ်ဆောင်နေဆဲပါ။
နောက်ဆုံး လုပ်ဆောင်ခဲ့တဲ့ တာတိုပစ်ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်မှုမှာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ရေပိုင်နက်ကို ထိပါး အနှောင့်အယှက် ဖြစ်စေခဲ့တာမျိုးတော့ မရှိဘူးလို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားဟာ မတ်လတုန်းက တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတစ်ခု စတင်တဲ့ နေ့မှာတင် ဒုံးကျည်တွေ စမ်းသပ်ခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း နိုင်ငံရဲ့ တန်ပြန် စစ်ဆင်မှု စွမ်းရည်ကို ပြသဖို့လို့ ကြွေးကြော်ပြီး မြောက်ကိုရီးယားက မဟာဗျူဟာ ခရုစ်ဒုံးကျည်တွေကို ပင်လယ်ဝါထဲ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: CNA
