မေ-၈၊၂၀၂၅။ကဖေး/People’s Spring
ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဗန်းမော်မြို့တိုက်ပွဲသတင်းများဖော်ပြပေးနေသော Banmaw Scout Team နှင့်ဒေသခံအချို့ကပြောသည်။
ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းအား မေလ ၈ ရက်ညနေ ၅နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရသည်။
“တိုက်ပွဲဖြစ်တော့ဒီကျောင်းမှာစုပြီးနေကြတာ။ကျွန်မတို့အမျိုးတွေလည်းပါတယ်။စုစုပေါင်း၄၀၀ကျော်တယ်။အဲဒီကျောင်းကိုမှတည်ပြီးပစ်သွားတာ။ သေဆုံးတဲ့ထဲမှာ ကလေးတချို့ပါတယ်။နေရာပြောင်းနေကြရတယ်”ဟု စစ်ဘေးရှောင်နေသည့် ဗန်းမော်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းနားရိပ်သာဘုန်းကြီးကျောင်းတွင်စစ်ဘေးရှောင်နေသောပြည်သူ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာသွားကြောင်း ဒေသတွင်း စစ်ရေးသတင်းများဖော်ပြပေးနေသည့် Banmaw Scout Team က သတင်းထုတ်ပြန်ထားသည်။
Kyaw Swar အပါအဝင်စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များက ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို ဗုံးကြဲသည်ကို ဒရုန်းဖြင့်ရိုက်ကူးထားသော ဗီဒီယိုဖိုင် အတိုတင်၍ KIA နှင့် PDF များရှိသောနေရာကိုဗုံးကြဲသည်ဟု ဝါဒဖြန့်ချီထားကြသည်ကိုတွေ့ရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာလ၄ရက်နေ့တွင်စတင်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားနေသည်။ စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးနောက် KIA က ရက်ပေါင်း ၂၀ ကြာယာယီအပစ်ရပ်ခဲ့သည်။ အပစ်ရပ်ကာလပြီးဆုံးပြီးနောက် ဧပြီ ၂၅ ရက်မှစ၍ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်ရန် KIA နှင့်ပူးပေါင်းတပ်များကထိုးစစ်ဆင်နေခြင်းဖြစ်သည်။
KIA နှင့်ပူးပေါင်းတပ်များက စစ်တပ်၏တင့်ကားတပ်ရင်းများ ၊ ဗန်းမော်လေဆိပ် အပါအဝင် စခန်းများ ၊တပ်ရင်းများစွာကိုသိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း စစ်တပ်၏ အဓိက ခံစစ်တပ်ရင်းများ၊ဌာနချုပ်များဖြစ်သော စကခ ၂၁ နှင့် ခလရ ၄၇ တို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ယခုတကြိမ်ထိုးစစ်တွင် စကခ ၂၁ ၏ ကာကင်းများ ၊ထိုဝန်းအတွင်းရှိနေရာအချို့ကိုပါ သိမ်းပိုက်ထားပြီး အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေသလို စစ်ကောင်စီကလည်း တိုက်လေယာဥ်ဖြင့် ဗုံးကြဲခြင်း ၊ဒရုန်းဖြင့်ဗုံးကြဲခြင်းတို့ဖြင့် အပြင်းအထန်ခုခံနေသည်။
မြို့ခံအများအပြားထွက်ပြေးတိမ်း
ရှောင်သွားသော်လည်း အခြားဒေသသို့ စစ်ဘေးရှောင်ရန်ငွေကြေးချို့တဲ့သူများ ၊ အခြားဒေသသို့မသွားလိုသူများသည် ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေကြရသည်။
မေလ ၈ ရက်လေကြောင်းတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာကို တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားများ သေဆုံးမှုအတွက် စစ်ကောင်စီတာဝန်ခံရမည်ဟု KIA နှင့် နီးစပ်သော သတင်းရင်းမြစ်ကပြောသည်။ လေကြောင်းတိုက်
ခိုက်မှုကြောင့်ဘုန်းကြီးကျောင်းပျက်စီးသွားပြီးကျန်ရှိသောစစ်ရှောင်၃၈၀ကျော်ကိုKIA နှင့်မဟာမိတ်များကဘေးလွတ်ရာနေရာသို့ပို့ဆောင်ခဲ့သည်ဟုသိရသည်။
