close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရိုင်းမီးယားကို ရုရှားဆီ လက်လွှတ်မပေးချင်တဲ့ ဇီလန်စကီးကို ထရမ့် အပြစ်တင်

ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ် မပြုခြင်းအတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားပိုင်နက်အဖြစ် အသိအမှတ် မပြုခြင်းအတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဇီလန်စကီးရဲ့ ခေါင်းမာမှုဟာ ရုရှားနဲ့ ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ထိခိုက်စေတယ်လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။ အခုဆိုရင် စစ်ပွဲရပ်ဆိုင်းရေး သဘောတူညီချက် ရရှိဖို့ အရမ်း နီးကပ်နေပြီ ဖြစ်ကြောင်း၊ ဒါပေမဲ့ ဇီလန်စကီးရဲ့ ငြင်းဆန်မှုဟာ ပဋိပက္ခကို ဆက်ပြီး ရှည်ကြာစေမှာဖြစ်ပြီး ဘာကောင်းကျိုးမှ မရှိနိုင်ကြောင်း သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthပေါ်မှာ ထရမ့်က ရေးသားထားခဲ့ပါတယ်။

အမေရိကန် အဆိုပြုမယ့် သဘောတူညီချက်အရ လက်ရှိ ရုရှားနဲ့ ယူကရိန်းတို့ အသီးသီး ထိန်းချုပ်ထားရာ ဒေသတွေကို အခြေပြုပြီး ပိုင်နက် နယ်နိမိတ်မျဉ်း အသစ်တွေ ရေးဆွဲ သတ်မှတ်လာနိုင်ကြောင်း အစောပိုင်းမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က မှတ်ချက် ပေးခဲ့ပါတယ်။ အဲဒီ အဓိပ္ပါယ်အရ လက်ရှိ ရုရှားရော၊ ယူကရိန်းပါ ထိန်းချုပ်ထားဆဲ နယ်မြေတချို့ကို အပြန်အလှန် လက်လွှတ်ပေးရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းကတော့ ခရိုင်းမီးယား ဒေသကို ရုရှားဆီ တရားဝင် လွှဲပြောင်းပေးလိုက်ဖို့ လက်ခံမှာ မဟုတ်ကြောင်း ကာလရှည်ကြာ အခိုင်အမာ ရပ်တည်ထားခဲ့ပြီး ဖြစ်ပါတယ်။ ခရိုင်းမီးယားဟာ ယူကရိန်း ပိုင်နက် ဖြစ်ပေမယ့် လက်ရှိ ယူကရိန်း စစ်ပွဲမတိုင်ခင် ၂၀၁၄ ခုနှစ်မှာ ရုရှားတပ်တွေက ကျူးကျော် ဝင်ရောက်ပြီး တရားမဝင် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်က အပစ်ရပ်ရေး သဘောတူညီချက်အတွက် ရုရှားနဲ့ ယူကရိန်းကြားမှာ နယ်မြေတွေကို ဘယ်လို ခွဲခြားသတ်မှတ်ပေးဖို့ အဆိုပြုမလဲ ဆိုတာကိုတော့ လောလောဆယ် အတိအကျ မကြေညာသေးပါဘူး။

Public Service Announcement

Public Service Announcement

ခရိုင်းမီးယားကို ရုရှားရဲ့ အချုပ်အခြာ အာဏာပိုင် ပိုင်နက်နယ်မြေအဖြစ် အသိအမှတ် ပြုချင်တာလားလို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့်က သူ့ရဲ့ ဆန္ဒဟာ စစ်ပွဲကို ပြီးဆုံးသွားစေချင်ရုံသာ ဖြစ်တယ်လို့ ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။ သူ့အနေနဲ့ ဘယ်ဖက်ကို အလေးပေးမလဲ ဆိုတာတွေ မရှိသလို ဖြစ်လည်း လိုလည်း မလိုလားကြောင်း၊ အပြီးသတ် သဘောတူညီမှုတစ်ခု ရဖို့ကိုသာ ဖြစ်လာစေချင်ကြောင်း ထရမ့်က ဆိုပါတယ်။

လေ့လာသူတွေကတော့ ခရိုင်းမီးယားကို ရုရှားက တရားမဝင် သိမ်းပိုက်ထားတဲ့အပေါ် လိုက်လျော အသိအမှတ် ပြုဖို့ဆိုတာ ဇီလန်စကီးအတွက် နိုင်ငံရေးအရ မဖြစ်နိုင်သလို နိုင်ငံတွေရဲ့ ပိုင်နက် နယ်နိမိတ်တွေကို အင်အားသုံး အနိုင်ကျင့်မှုနဲ့ ပြောင်းလဲမှုကို လက်မခံဘူးဆိုတဲ့ နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်တွေကိုပါ ပြောင်းလဲသွားစေနိုင်ပါတယ်။

ဇီလန်စကီးက ခရိုင်းမီးယားကို လက်လွှတ်ဖို့ဆိုရင် ဘာမှ ပြောစရာ မရှိကြောင်း၊ ဒီကိစ္စဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း ဆန့်ကျင်နေကြောင်း မှတ်ချက် ပေးထားပါတယ်။

ထရမ့်က အပစ်ရပ်ရေး ကိစ္စ ကြားဝင် ညှိနှိုင်းမှုမှာ ရုရှားဖက်က အသင့်ဖြစ်နေပြီလို့ သူ့အနေနဲ့ ယူဆကြောင်း၊ ယူကရိန်းနဲ့ ယှဉ်ရင် ရုရှားနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ပိုနီးစပ်နေကြောင်း ဆိုပါတယ်။ သူက ဇီလန်စကီးနဲ့ စကားပြောရတာ ပိုပြီး လွယ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပိုပြီး ခက်ခဲနေတယ်လို့လည်း ထရမ့်က ပြောကြားသွားပါတယ်။

အခုသီတင်းပတ်ကုန်ကျရင် ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို တက်ရောက်ချိန်မှာ ဇီလန်စကီးနဲ့ လူချင်းတွေ့ဖြစ်ရင် ဇီလန်စကီး ဘာပြောမလဲ ဆိုတာ နားထောင်ဖို့တော့ လမ်းဖွင့်ပေးထားမယ်လို့ ထရမ့်က ဆိုပါတယ်။ သူနဲ့ ဇီလန်စကီးတို့ဟာ ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အိမ်ဖြူတော်မှာ လူသိရှင်ကြာ ကတောက်ကဆတွေ ဖြစ်ခဲ့ဖူးပါတယ်။

သူသမ္မတ ဖြစ်လာပြီး ရက်ပေါင်း ၁၀၀ အတွင်း ယူကရိန်းစစ်ပွဲ ရပ်တန့်သွားအောင် စွမ်းဆောင်ပြမယ်လို့ ထရမ့်က ရွေးကောက်ပွဲကြို ကာလမှာ ကြုံးဝါးထားပေမယ့် အဲဒီကာလ အပိုင်းအခြား ကုန်ဆုံးခါနီးလာတဲ့ထိ ထင်ရှားတဲ့ ဘာတိုးတက်မှုမှ မရသေးပါဘူး။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလင်း လီယာဗတ်က အခုဆိုရင် သမ္မတဟာ အတော်လေး စိတ်ပျက်နေကြောင်း၊ သူ့ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းက ပါးပါးလေးပဲ ကျန်တော့ကြောင်း ပြောပါတယ်။

အစောပိုင်းမှာ အမေရိကန် ဒုတိယ သမ္မတ ဗန့်စ်ကလည်း တကယ်လို့ စစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စ ဆွေးနွေးမှုမှာ ရုရှားရော၊ ယူကရိန်း တစ်ဖက်ဖက်က ကလန်ကဆန် ဆက်လုပ်နေမယ်ဆိုရင် အမေရိကန်ဟာ ကူညီ ညှိနှိုင်းမှုတွေကနေ ထွက်ခွာသွားရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ အဲဒီလို ပုံစံတူ ခြိမ်းခြောက်မှုဆန်ဆန် စကားကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း ပြောဆိုထားခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: BBC
https://www.bbc.com/news/articles/c78jx68d922o

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ညလုံးပေါက် တိုက်ခိုက်ခဲ့တဲ့နောက် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ တောင်အာဖရိက နိုင်ငံ ခရီးစဉ်ကနေ အမြန် ပြန်လာခဲ့ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

သတင်း

အမေရိကန် အစိုးရ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ သတင်းဌာနတွေရဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားရုံး တစ်ခုက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ဝင်ငွေတွေ ထိုးကျလာတဲ့နောက် အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ဖို့ တာဝန်ယူထားတဲ့ သူ့ရဲ့ အစိုးရ အရာရှိ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Facebook