ဇူလိုင်-၂၆၊၂၀၂၅၊ရဲခေါင်/People Spring
မကွေးတိုင်း၊ပေါက်မြို့နယ် စဖဲကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ နှစ်ဦးသေပြီး ကိုးဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယနေ့(ဇူလိုင် ၂၆ရက်)ညနေ ၄နာရီဝန်းကျင်က ဂျက်ဖိုက်တာဖြင့် စဖဲကျေးရွာရှိ ဆေးပေးခန်းနှင့် အနီးဝန်းကျင်ကို ပစ်မှတ်ထား၍ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဟု ဆိုသည်။
“နေရာတင်သေဆုံသူက စံဖဲရွာ အနီဘေးရွာဘက်က တစ်ဦး ဆေးခန်လာပြရင်း နေရာတင်သေဆုံးတာ။ရွာခံ တစ်ဦးက အခုမှ သွေးထွတ်လွန်သေတာ။အခုချိန် စစ်ကြောင်းပိတ်ထားလို့ ပခုက္ကူမြို့ပေါ်ဆေးရုံ အချိန်မှီမသွားနိုင်သွားလို့။ရွာခံသေဆုံးသူနာမည်က ဦးအောင်ချင်း။ကျန်လူတွေက အသက် လုနေတုန်း”ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
အရပ်သားနေထိုင်ရာနေရာများကို အကြောင်းမဲ့ဗုံးကြဲသည့် စစ်ကောင်စီသည် ပခုက္ကူမြို့မှ တက်လာသည့် စစ်ကြောင်းနှင့် ယာဥ်တန်းကို ကာကွယ်ရန်အတွက် လေကြောင်းမှ နေ့စဉ်တိုက်ခိုက်နေသည်ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
“စကစ စစ်ကြောင်းနဲ့ ယာဥ်တန်းကိုကာဖို့ လေကြောင်းကနေ တစ်လကျော်အတွင်းဗုံးကြဲတာ အကြိမ် ၂၀လောက်ရှိပြီ။ဗုံးတွေက ပေါင် ၂၀၀ရော ၅၀၀ ရောပါတယ်။သေတဲ့ ပြည်သူက ၁၀ ဦးကျော်နေပြီ။ဘာတိုက်ပွဲမှဖြစ်တဲ့နေရာတွေက မဟုတ်ဘူး။သူတို့စစ်ကြောင်းဝင်မယ့် နေရာတွေကို ကြဲတာရော ကြိုပြီဗုံးကြဲတာတွေကြောင့် အကြောင်းမဲ့ သေကြရတာ”ဟု ၎င်းက ပြောသည်။
ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ဦးတည်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၃၁ရက်ကတည်းက ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)မှ ထွက်ခွာလာခြင်း ဖြစ်သည်။
အဆိုပါစစ်ကြောင်းတွင် အင်အား ၁၀၀၀ခန့်နှင့် စစ်သုံးမော်တော်ယာဥ်များအပါအဝင် ယာဥ်အစီးရေ ၁၂၀ခန့် ပါဝင်ကြောင်း သိရသည်။
လက်ရှိစစ်ကောင်စီတပ်စစ်ကြောင်းနှင့် စစ်ယာဉ်တန်းများသည် သာကြီးတောင်၊ တပ်မတောင်နှင့်ပေါက်မြို့နယ်အရှေ့ဘက် တလျှောက်တွင် တပ်ဖြန့်ရွေ့လျားနေသည်။
“စစ်ကြောင်းက ရေပြားအနားထိ ရောက်နေပါတယ် ။လေကြောင်းလည်းကြဲပါတယ်။ထိတွေ့မှုတွေလည်းရှိကြပါတယ်။ အသေးစိတ်ကိုတော့ ပြောမရသေးဘူး”ဟု အညာမြေတပ်ပေါင်းစုတာဝန်ရှိသူက စစ်ကောင်စီတပ် စစ်ကြောင်းအခြေအနေအပေါ် ပြောသည်။
လက်ရှိ ကပစ(၂၄)သို့ ဦးတည်နေသည့်စစ်ကောင်စီ စစ်ကြောင်းတွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာန ချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅)တပ်ရင်းများ၊ ပြည်သူ့စစ်သင်တန်းအပတ်စဉ် (၅၊၆၊၇၊၈၊၉)မှ သင်တန်းဆင်းများလည်းပါဝင်ပြီး တပ်မ(၁၀၁) ဒုတပ်မမှူးဦးဆောင်နေခြင်းဟု တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။
















































