ဇူလိုင်-၂၅၊ ၂၀၂၅။ People’s Spring
အမေရိကန်အစိုးရဟာမြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့မိတ်ဖက်ခရိုနီလုပ်ငန်းရှင် ၄ ဦးကို အရေးယူပိတ်ဆို့မှုစာရင်းကနေဖယ်ရှားပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဒေါ်နယ်ထရမ့်ကို ချီးကျူးမြှောက်ပင့်အပြီး သီတင်းနှစ်ပတ်အကြာမှာ အမေရိကန်အစိုးရရဲ့ အခုလို အရေးယူပိတ်ဆို့မှုကနေ ဖယ်ရှားပေးမှု ဖြစ်ပေါ်လာတာပါ။ အမေရိကန်အစိုးရက မြန်မာနိုင်ငံဆီကနေ သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမယ့် အကြောင်းကြားစာကို သမ္မတထရမ့်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို လိပ်မူပြီး ပေးပို့ခဲ့ရာ စစ်ခေါင်းဆောင်ရဲ့ အကြောင်းပြန်စာမှာ သမ္မတထရမ့်ကို ချီးကျူးမြှောက်ပင့်ထားကာ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်အရ KT Services & Logistics နဲ့ တည်ထောင်သူ ဂျိုနသန်မျိုးကျော်သောင်း၊ MCM Group နဲ့ တည်ထောင်သူ အောင်လှိုင်ဦး၊ Suntac Technologies နဲ့ တည်ထောင်သူ စစ်တိုင်းအောင်တို့နဲ့ တခြား တစ်သီးပုဂ္ဂလိက အဖြစ် တင်လတ်မင်းကို အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားလိုက်တယ်လို့ ဖော်ပြထားပါတယ်။ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော် ရဲ့ဇနီး ဒေါ်တင်မင်းလတ်ကို အမေရီကန်အစိုးရက စတင်ပိတ်ဆို့အရေးယူကတည်းက တင်လတ်မင်း လို့ဖော်ပြခဲ့ပေမယ့် အမှန်က ဒေါ်တင်မင်းလတ်ဖြစ်ပါတယ် ။

Public Service Announcement
ဒေါ်တင်မင်းလတ်ဟာရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော် ရဲ့ဇနီးဖြစ်ပါတယ် ။ ဦးသိန်းဇော်ဝင်းဟာ အာဏာသိမ်းခေါင်းဆောင်နဲ့ နီးကပ်တဲ့လုပ်ငန်းရှင်ဖြစ်ပြီး စက်သုံးဆီတင်သွင်းရောင်းချတာအပါအဝင် လုပ်ငန်းများစွာလုပ်ကိုင်ခွင့်ရထားပါတယ် ။နော်ဝေအခြေစိုက် တယ်လီနော ဖုန်းအော်ပရေတာကိုရွှေဗျိုင်းဖြူနဲ့ M1 Group တို့က ဝယ်ယူခဲ့ပြီးနောက် ATOM Myanmar လို့အမည်ပြောင်းပြီးဆက်လုပ်နေတာဖြစ်ပါတယ် ။သူတို့လင်မယားနဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီကို အမေရီကန်ကရော ၊ကနေဒါကပါ စီးပွားရေးအရပိတ်ဆို့ဒဏ်ခတ်ထားတာဖြစ်ပါတယ် ။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)ကတော့ အမေရိကန်အစိုးရရဲ့လုပ်ဆောင်မှုကို အလွန်အမင်းစိုးရိမ်ကြောင်းပြောဆိုပါတယ်။ဒါဟာ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီနည်းကျအရပ်သားအစိုးရကို ဖြုတ်ချကာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကြီးလေးတဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်မှုရှိတဲ့ မြန်မာစစ်တပ်အပေါ် အမေရိကန်အစိုးရရဲ့မူဝါဒကြီးမားတဲ့အရွေ့တစ်ခုဖြစ်တယ်လို့ထောက်ပြပါတယ်။
KT Services & Logistics နဲ့ တည်ထောင်သူ ဂျိုနသန်မျိုးကျော်သောင်းတို့ကို သမ္မတဘိုင်ဒန်လက်ထက် ၂၀၂၂ မှာ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ စစ်တိုင်းအောင်နဲ့ အောင်လှိုင်ဦးတို့နဲ့ သူတို့ကုမ္ပဏီတွေကိုလည်း ၂၀၂၂ မှာပဲ အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ခဲ့တာပါ။
စစ်တပ်ကို လူသတ်လက်နက်တွေတင်သွင်းရောင်းချပေးနေသူစာရင်းမှာ ဂျိုနသန်မျိုးကျော်သောင်းနဲ့ အောင်လှိုင်ဦးတို့ ပါဝင်ကြောင်း Justice For Myanmar က ဖော်ထုတ်ထားပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းရဲ့သားဖြစ်သူ စစ်တိုင်းအောင်မှာလည်း စစ်တပ်အတွက် လက်နက်စက်ရုံနဲ့ လက်နက်ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းတင်သွင်းပေးသူတစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ထုတ်ပြန်ထားပါတယ်။
ရွှေဗျိုင်းဖြူပိုင်ရှင်ဦးသိန်းဝင်းဇော် ရဲ့ဇနီးဒေါ်တင်မင်းလတ်ကိုလည်း စစ်အာဏာသိမ်းမှု ၃နှစ်ပြည့်ကာလ ၂၀၂၄ မှာ သမ္မတဟောင်းဘိုင်ဒန်လက်ထက်မှာပဲ အမေရိကန်က အရေးယူဒဏ်ခတ်ခဲ့ပါတယ်။
အခုလို အမေရိကန်အစိုးရက အာဏာသိမ်းစစ်တပ်နဲ့ပတ်သက်ဆက်နွှယ်သူတွေအပေါ် အရေးယူပိတ်ဆို့မှုကနေ ဖယ်ရှားခဲ့တဲ့ လုပ်ရပ်ဟာ တုန်လှုပ်ဖွယ်ဖြစ်ပြီး ဘာကြောင့်အခုလိုလုပ်ဆောင်သလဲဆိုတာ ရှင်းလင်းမှုမရှိဘူးလို့ HRW အာရှရေးရာ ဆော်သြရေးဒါရိုက်တာ ဂျွန်ဆစ်ဖ်တန်က ရိုက်တာကို ပြောပါတယ်။
“ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ရဲ့ရက်စက်ကျူးလွန်မှုကို ခံစားနေရသူတွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပြန်လည်ရရှိဖို့ တိုက်ပွဲဝင်နေသူ၊ ဆော်သြနေသူအားလုံးကို ကြီးကြီးမားမားစိုးရိမ်မှုဖြစ်ပေါ်စေပါလိမ့်မယ်” လို့ ဂျွန်ဆစ်ဖ်တန်က မှတ်ချက်ပြုပါတယ်။
ကိုးကား- Reuters
