ဇူလိုင်-၂၅၊၂၀၂၅။လူအေး/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊တရားရေးဌာန၏ကနီမြို့နယ်မှတရားသူကြီးလေးဦးအား တာဝန်မှရပ်စဲပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
“NUG သမ္မတရုံးကနေယာယီသမ္မတလက်မှတ်နဲ့လာတာပါ။ လေးဦးစလုံးတာဝန်ကရပ်စဲလိုက်တာ။ ဘာကြောင့်လဲမသိရသေးဘူး။ ဒါပေမယ့် အမှုတွေ ကြန့်ကြာတာတွေ၊ ဥပဒေနဲ့ မညီတာတွေရှိတယ်လို့ သတင်းတွေထွက်နေတာကြာပါပြီ”ဟုကနီမြို့ခံတဦးကပြောသည်။
ယင်းမာပင်ခရိုင်တွင်ပါဝင်သောကနီမြို့နယ်တွင် NUG၊ တရားရေးဌာနက တရားသူကြီးလေးဦးခန့်အပ်ထားသည်။ ထိုလေးဦးသည် သဘောထားခြင်းတိုက်ဆိုင်မှုမရှိသလိုပုဂ္ဂိုလ်ရေးအရအဆင်မပြေမှုများရှိနေသည်ဟုဆိုကာအချင်းချင်းတိုင်ကြားထားကြောင်းလည်းတရားရေးဌာနနှင့်နီးစပ်သူတဦးကပြောသည်။

Public Service Announcement
၎င်းက”အဆင်မပြေကြဘူး။ ရုံးထိုင်တာတောင်နှစ်ရုံးခွဲပြီးထိုင်တာလို့ကြားတယ်”ဟုပြောသည်။
NUGအစိုးရက ထိန်းချုပ်မြို့နယ်များတွင်တစ်မြို့နယ်လျှင် တရားသူကြီးသုံးဦး မှ ငါဦးအထိ ခန့်အပ်သည်။ ခန့်အပ်ရာ၌ မြို့နယ်အပဖတာဝန်ခံကို အမည်စာရင်းတင်သွင်းပြီး ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနညွှန်ချုပ်က ကနဦးစစ်ဆေးစိစစ်ကာ တရားရေးဌာနဝန်ကြီးဆီ တင်ပြရသည်။ တရားရေးဌာနဝန်ကြီးက NUG အစိုးရယာယီသမ္မတထံ တင်ပြပြီး ယာယီသမ္မတက အတည်ပြုခန့်အပ်သည်။ ယခုလည်း ကနီမြို့နယ်မှတရားသူကြီးလေးဦးအား ယာယီသမ္မတ လက်မှတ်ဖြင့် ဇူလိုင်(၁၇)ရက်တွင် တာဝန်မှရပ်စဲလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့သိတဲ့ မုဒိမ်းမှုဆိုရင် ၁နှစ်ကျော်ပြီ။ အမိန့်မချနိုင်သေးဘူး။နောက်ပြီးအဂတိတွေရှိတယ်လို့ ကြားပါတယ်”ဟုမြို့ခံတဦးကပြောသည်။
တရားသူကြီးလေးဦးအား တာဝန်မှရပ်စဲမှုနှင့် အစားထိုးခန့်အပ်မည့် အခြေအနေများကို မေးမြန်းရန် ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအားဖုန်းဆက်သော်လည်း ဆက်သွယ်မရသေးပေ။အလားတူNUG ဪတရားရေးဌာနကိုဆက်သွယ်ရန်ကြိုးစားသော်လည်းဆက်သွယ်မရသေးပါ။
စစ်ကိုင်းတိုင်းသည် NUGအစိုးရထိန်းချုပ်ဒေသအများဆုံးဒေသဖြစ်ပြီး စုစုပေါင်း ၃၇ မြို့နယ်အနက် ၂၉ မြို့နယ်၌ တရားရေးဌာနများဖွင့်လှစ်ထားသည်။ NUG က တော်လှန်ရေးအောင်မြင်ရေးအရှိန်မြှင့်တင်ရန် နှင့် ယခုထက်ပိုမိုပြုပြင်ပြောင်းလဲရေးများပြုလုပ်မည်ဟု ဝန်ကြီးအချို့က ပြောကြားထားသည်။
