close
Connect with us

Hi, what are you looking for?

သတင်း

နတ်အိမ်တောင်နယ်စပ်စခန်း စစ်တပ်အင်အား မဖြည့်နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်များ ဆက်လက်ပိတ်ဆို့ထား

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ကရင်၊ မွန်နှင့် PDFပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး အင်အားမဖြည့်တင်းနိုင်ရန် ဆက်လက်ပိတ်ဆို့ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောသည်။

နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗျူဟာ(၃၃)

ဇူလိုင်-၁၈၊ ၂၀၂၅။ ရဲခေါင်၊ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း ထိုင်း – မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ကရင်၊ မွန်နှင့် PDFပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး အင်အားမဖြည့်တင်းနိုင်ရန် ဆက်လက်ပိတ်ဆို့ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောသည်။

နတ်အိမ်တောင်စခန်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၁ရက်၊ ၁၂ရက်၊ ၁၄ရက်နှင့် ၁၅ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်။

စစ်ကောင်စီသည်အရေးပါသည့် နယ်စပ်စခန်းဖြစ်သော နတ်အိမ်တောင်သို့ စစ်အင်အား မဖြည့်နိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခင်ကလည်း အင်အားနှင့် ရိက္ခာများကို ထိုင်းဘက်ကသာ ပို့ဆောင်နေခြင်းဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ကလိန်အောင်ကနေ နတ်အိမ်တောင် ကြားမှာ ရှိတဲ့ နယ်မြေတွေ အကုန်လုံး ကျနော်တို့ အရင်ကတည်းက ထိန်းချုပ်ထားတာကိုး။ အခုလည်း ထိန်းချုပ်ထားတာ လို့ ပြောလို့ရတယ်။ အဓိကတော့ နယ်စပ်နဲ့ ကလိန်အောင်မြို့နဲ့ ဆက်သွယ်ထားတဲ့ကြား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါအခြေအနေတွင် စစ်အင်အားဖြည့်တင်းရန် စစ်ကောင်စီ ကြိုးပမ်းလာ၍ လေးရက်တာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ အပါအဝင် ၄ဦးထက်မနည်းသေဆုံးကာ ၄ဦး အရှင်ဖမ်းမိခဲ့ဟု KNU တပ်မဟာ(၄)နှင့် PDF ဗျူဟာ ၃၃ တို့က အသိပေးထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး လက်နက်ငယ် ၁၁လက် သိမ်းရခဲ့ဟု ဆိုသည်။

” နတ်အိမ်တောင်က နယ်စပ်စခန်းတခုလည်း ဖြစ်တယ် သူတို့အတွက်လည်း တကယ့်အရေးပါတဲ့ စခန်းဖြစ်တယ်။ ဘာဖြစ်လို့လည်း ဆို ဂတ်စ်ပိုက်လိုင်း ပေါ့နော် ကံပေါက်ကနေ ထွက်လာတဲ့ ဂတ်စ်ပိုက်လိုင်း ကလိန်အောင်ကနေ ထိုင်းဘက် ကို သွားတဲ့ဂတ်စ်ပိုက်လိုင်းကိုလုံခြုံရေး အထူးယူထားတဲ့ နယ်စပ်စခန်းပေါ့။ အဲဒါကြောင့် စကစအတွက်လည်း အရေးပါတဲ့ စခန်းတခု ဖြစ်လို့ သူတို့ အင်အားဖြည့်ဖို့ တကယ်ကို ကြိုးပမ်းမှုတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက်သူတို့ ထိခိုက်မှုတွေရှိတယ်။ စစ်ကြောင်းမှူး အပါအဝင် ထိခိုက်မှုရှိတော့ သူတို့လည်း ပြန်လည်ပြီးနောက်ဆုတ်သွားတဲ့အပိုင်းရှိတယ်”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်များ ရှေ့ဆက်တိုးလာပါကလည်း တိုက်ပွဲများ ဆက်ဖြစ်လာမည်ဟု ၎င်းက ပြောသည်။

မွန်တပ်ဖွဲ့ MSRF ပြောရေးဆိုခွင့်ရှိသူကလည်း “စကစဘက်ကလည်း နတ်အိမ်တောင်စခန်းကို စစ်ကူတွေလွှတ်နေဆဲပဲလို့ လည်း ကျမတို့ အနေဲ့ သိရှိရတယ်။ ဒီအတွက်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အသင့်နေရာယူထားပြီး တော့ စောင့်ကြည့်နေဆဲဖြစ်ပါတယ်” ဟု ပြောသည်။

PDF ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုကလည်း ဒေသတွင်း တော်လှန်ရေးတပ်များအနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်ရန် အားလုံးပေါင်းစည်းထားနိုင်ဟု ပြောသည်။

“မွန်၊ ကရင် နောက် PDF တွေ ထားဝယ်ဒေသခံတွေရော KTLA အပါပေါ့ ကျနော်တို့ အားလုံး တော်လှန်ရေး ညီအကိုတွေ အားလုံးစုပေါင်းပြီး စတင်ဆောင်ရွက်နေပြီပေါ့” ဟု ရဲဘော် စောဒါးကိုက ပြောသည်။

ကြေညာချက်များ ထုတ်ပြန်ပြီး မည်သို့ ပေါင်းစည်းဆောင်ရွက်နေသည် ဆိုခြင်းထက် မြေပြင်၌ လက်တွေ့ ဆန်ဆန် အလုပ်လုပ်ကာ အတူတူ ရင်ဆိုင် ဖြတ်ကျော်ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ပြောသည်။မြေပြင်၌ တိုက်နေသည့် တပ်မှူးများ အချင်းချင်း အကြား ညီညွတ်ပါက အထက်အရာရှိများလည်း အားလုံး အဆင်ပြေလာမည်ဟု ယုံကြည်ကြောင်း ရဲဘော် စောဒါးကိုက ပြောသည်။

” ကျနော်တို့ တောင်ပိုင်းတိုင်း ဒီဘက် ကျနော်တို့ရဲ့ တနင်္သာရီဒေသဘက်ကတော့ အလားအလာ ကောင်းလာမယ်လို့ ယုံကြည်လက်ခံပါတယ်။ အားလုံးလည်း အောင်မြင်မှုတွေ ရလာမယ်လို့ ယုံကြည်ပါတယ်”ဟု ရဲဘော် စောဒါးကိုက ပြောသည်။

နတ်အိမ်တောင်စခန်းသို့ အင်အားဖြည့်ရန် ကြိုးပမ်းလာသည့် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ၃၃၏ ဒေါနစစ်ကြောင်း-၂ ၊ ဒေါနစစ်ကြောင်း-၃၊ KNLA တပ်မဟာ-၄ ပူးပေါင်းတပ်များ၊ တပ်မဟာ-၆ တပ်ရင်း ၂၇ ပူးပေါင်းတပ်များ၊ NMSP(AD) R.M.A ၊မွန်ပြည်‌တော်လှန်ရေးတပ် MSRF၊ KTLA နှင့် Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗျူဟာ ၃၃ က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဘက်ပြောင်းလာသည့် သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးနှင့်ချိတ်ဆက်ပြီး ခိုလှုံလာခြင်းဖြစ်