“ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းလိုတဲ့ ဆန္ဒရှိရင် အချိန်မရွေး ခေါ်ပေးပါတယ်။ နောက်ထပ်လည်း ခေါ်ရမယ့်သူတွေရှိ ပါသေးတယ်။ အမြန်ဆုံး စဉ်းစားဆုံးဖြတ်ပြီး မှန်ကန်တဲ့ ဘက်ကနေရပ်တည်ပေးကြပါလို့ ဆန္ဒပြုပါတယ်ခင်ဗျာ”
— ဗိုလ်ကြီးမျိုးဆွေဦး
ဇူလိုင်-၁၃၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ နတ်အိမ်တောင်စခန်းမှ ဗိုလ်ကြီးဇော်ဇော်အောင် ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။
နတ်အိမ်တောင်နှင့် အမြှောက်ကုန်း လှုပ်ရှားတပ်ခွဲ တပ်ခွဲမှူးဗိုလ်ကြီးဇော်ဇော်အောင်သည် စစ်ကောင်စီ၏ လက်ရှိကျင့်သုံးနေသော စနစ်နှင့် ဆောင်ရွက်နေသောနည်းလမ်းများကို လက်မခံနိုင်သဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ခြင်းဟု ဖော်ပြသည်။
ဗိုလ်ကြီးဇော်ဇော်အောင် ဘက်ပြောင်းခိုလှုံရန်အတွက် ဇူလိုင် ၁ရက်တွင် KNU/KNLA တပ်မဟာ(၄)ထံ ဘက်ပြောင်းခိုလှုံလာသည့် ဗိုလ်ကြီးမျိုးဆွေဦး(ခ)စောမိုးဇက်နှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟုအသိပေးသည်။

Public Service Announcement
ဗိုလ်ကြီးမျိုးဆွေဦးမှ တဆင့် တပ်မဟာ ၄၊ တပ်ရင်း(၁ဝ)သို့ဘက် ပြောင်းခိုလှုံ လာခြင်းအတွက် KNLA တပ်မဟာ(၄)မှ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့်အတူ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြောင်း ထုတ်ပြန်သည်။
” ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းလိုတဲ့ ဆန္ဒ ရှိရင် အချိန်မရွေး ခေါ်ပေးပါတယ်။ နောက်ထပ်လည်း ခေါ်ရမယ့်သူတွေရှိပါသေးတယ်။ အမြန်ဆုံး စဉ်းစားဆုံးဖြတ်ပြီး မှန်ကန်တဲ့ ဘက်ကနေရပ်တည်ပေးကြပါလို့ ဆန္ဒပြုပါတယ်ခင်ဗျာ”ဟုလည်း ဗိုလ်ကြီးမျိုးဆွေဦးက ဗိုလ်ကြီးဇော်ဇော်အောင်၊ KNLA တပ်မှူး တစ်ဦးတို့နှင့်အတူ ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံကို လူမှုကွန်ရက်တွင် ယနေ့ ဖော်ပြခဲ့သည်။
နတ်အိမ်တောင်နယ်စပ်စခန်းမှ ဗိုလ်ကြီးဇော်ဇော်အောင်က စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ဘက်သို့ ကူးပြောင်းလာစဉ် စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးအောင်ကိုဟိန်း ဦးစီးသည့် စစ်ကြောင်းသည် နတ်အိမ်တောင်သို့ စစ်အင်အားဖြည့်တင်းရန် လာရောက်ရာ ဇူလိုင် ၁၁ရက်နှင့် ၁၂ရက်က KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုခံရပြီး စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်ကိုဟိန်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည်။ ဗိုလ်ကြီးအောင်ကိုဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးထက်မနည်း သေဆုံးကာ လက်နက် ၂လက် သိမ်းရခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ယနေ့ တိုက်ပွဲသတင်းထုတ်ပြန် အသိပေးသည်။
KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း စစ်ကောင်စီတပ်အတွင်း ကျန်နေသည့် တပ်မှူး၊ တပ်သားများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်က အမြန်ဆုံး ရုန်းထွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောထားသည်။
” ဘာဖြစ်လို့လဲဆိုရင် စကစက အာဏာရှင်ဖြစ်တယ်။ စကစက ကျနော်တို့ ဗမာပြည်ရဲ့ ပြည်သူ့တပ်မတော်မှ မဟုတ်တာ။ ဒါကကျနော်တို့က သိထားရမယ်။ ဒီဗမာပြည်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းရမယ်။ လက်နက်ကိုင်စစ်အုပ်စုနဲ့ဖြေရှင်းလို့မရဘူး။ အဲဒါကြောင့် တိုင်းရင်းသားပြည်သူလူထုကိုမျက်နှာကြည့်ပြီးတော့ စစ်တပ်က အာဏာကို ပြန်အပ်ပေးပါ။ ပြီးမှ ကျနော်တို့ ဒီတိုင်းပြည်ကို နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ အဖြေရှာမယ်။ ပြီးတော့ တပ်မတော်ကလည်း တပ်မတော်သစ် ပြန်ထူထောင်မယ်။ ပြည်သူလူထုကိုယ်စားပြုတဲ့ တပ်မတော်စစ်စစ်ကို ကျနော်တို့ တည်ထောင်ရမယ်။”ဟု ပဒိုစောအယ်နားက ပြောသည်။
စစ်ကောင်စီဘက်က ရပ်တည်ပါက မတရားသည့် လုပ်ရပ်၊ မမှန်သည့် လုပ်ရပ်လုပ်ဆောင်ခြင်းဖြစ်ဟု ၎င်းက ဆိုသည်။
