ဇူလိုင် ၁၀၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ယနေ့ (ဇူလိုင် ၁၀ရက်) ညနေပိုင်းတွင် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်အစိုးရက အကျယ်ချုပ်ထိန်းသိမ်းထားသည်ဆိုသည့် သတင်းထွက် ပေါ်ကြောင်း KSSM သတင်းဌာနက ယမန်နေ့ ဇူလိုင် ၉ရက် မနက်တွင် ရေးသားဖော်ပြခဲ့သည်။
ယင်းရေးသားမှု နှင့်ပတ်သက်ပြီး မကြားမိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် ပြောပြထားသကဲ့သို့ ယနေ့ (ဇူလိုင် ၁၀ရက်) ညနေတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လသည် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာမှုကို အတည်ပြုဖြေကြားသည်။

Public Service Announcement
“ရောက်တာကတော့ ဒီနေ့ညနေပိုင်းရောက်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIO ဥက္ကဋ္ဌ သည် တရုတ်နိုင်ငံသို့ ကျန်းမာရေး စစ်ဆေးရန် သွားရောက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့တွင် ပြောကြားထားသည်။
” ကျန်းမာရေးအခြေအနေကောင်းပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဌာနချုပ်လိုင်ဇာသို့ ပြန်လည်ရောက်ရှိလာသည့် ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျန်းမာရေးအခြေအနေကို ပြောပြသည်။
မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် တရုတ်အစိုးရသည် စစ်ကောင်စီကို တိုက်ခိုက်ခြင်းမပြုရန် စစ်ကောင်စီနှင့် အပစ်ရပ်စဲရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအား နည်းမျိုးစုံ ဖိအားပေးနေခဲ့ရာ ကိုးကန့်တပ်ဖွဲ့(MNDAA)သည် စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့ရပြီး ၎င်းသိမ်းပိုက်ထားသည့် လားရှိုးမြို့ကိုလည်း စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ရသည်။
KIA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်များကိုလည်း နယ်စပ်ဒေသ တည်ငြိမ်ရေးအကြောင်းပြပြီး စစ်ကောင်စီနှင့် အပစ်ရပ်စဲရေးများ ဖြစ်ပေါ်လာစေရန် တရုတ်အစိုးရဘက်က ဖိအားပေး ကြိုးပမ်းလျက်ရှိသည်။
