close
Connect with us

Hi, what are you looking for?

သတင်း

စိတ်ကြွဆေးသုံးသန်းခန့်နှင့် ဘိန်းဖြူများကို တော်လှန်ရေးရဲဘော်သုံးဦးနှင့်အတူ ဖမ်းမိဟု CDF ဟားခါး ထုတ်ပြန်

ယင်းမာပင်ခရိုင် တပ်ရင်း(၁၄)၊ (၁၅)ကိစ္စ စစ်ဆေးနေဟု MOD ပြော

ဖမ်းဆီးရမိသော မူးယစ်ဆေးများနှင့် သယ်ဆောင်လာသူ ငါးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ဟားခါး

ဇူလိုင် ၁၀၊၂၀၂၅။ထားမြတ်၊ဇော်ရမ်း/People’s Spring

တော်လှန်ရေးရဲဘော် သုံးဦးလိုက်ပါလာသည့် ယာဉ်နှစ်စီးမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၈ရက်တွင် ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြိုနယ် ဗားရ်တံတားသို့ ကားနှစ်စီးဖြင့် သယ်ယူလာသော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No.4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဖမ်းမိခဲ့ဟု ထုတ်ပြန်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ တော်လှန်ရေးရဲဘော် သုံးဦး၊ ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး၊ မောင်းပြန် သေနတ် ၂လက်၊ Mini Starlink နှစ်ခုတို့ကို ဖမ်းမိခဲ့ကြောင်း အသိပေးပြီး မူးယစ်ဆေးဝါးများကို ဇူလိုင် ၉ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ သယ်ယူပိုဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် (ခ)ဦးဝင်းမော် နှင့် ကိုပုတီး(ခ)ဦးကျော်မင်းဇော်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း ဖော်ပြသည်။

CDFဟားခါးက မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှု သတင်းထုတ်ပြန်ရာ၌ ဖမ်းမိသူများ၏ ထွက်ဆိုချက် ရုပ်သံကိုဖော်ပြခဲ့သည်။

ဖမ်းမိသူများအနက် ကားဆရာကိုကျော်ဟိန်းက “ဆားလင်းကြီးမြို့နယ်ထဲက။ ငွေသာရွာနားထဲ။ သူတို့ အဆောက်အဦးလေးတွေရှိတယ် အဲဒီနားမှာ။ သူတို့ လူနေတဲ့အဆောက်အဦးနဲ့ ပစ္စည်းတွေထားတဲ့အဆောက်အဦး အဲဒီနားမှာရှိတယ်။ အဲဒီနားက သယ်တာ။သူတို့ အဖွဲ့အစည်းဟာလို့ပြောတယ်။လက်နက်ကိုင်တပ်ဖွဲ့တွေ။ ကျနော်တို့ကို ပြောတာက ယင်းမာပင်တပ်ရင်း(၁၅)လို့ ကျနော်တို့ကို ပြောပြထားတယ်”ဟု ပြောသည်။

ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)မှ ကိုဇော်နောင်ဆိုသည့် ရဲဘော်က တပ်ခွဲမှူး ကိုပုတီးနေထိုင်ရာနေရာမှသယ်လာခြင်းဖြစ်ပြီး လေးခေါက်မြောက် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဖမ်းမိခဲ့သည့်အာကာဖြိုးဆိုသူက၎င်းသည် ပခုက္ကူခရိုင်တပ်ရင်း (၁၀)မှ ဖြစ်ပြီးတပ်ရင်း၌ မနေသည်မှာ ကြာပြီဟု ပြောသည်။ ၎င်းသည် အဖော်လိုက်လာခြင်းဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ခင်ဇော်ဟိန်းဆိုသူကလည်း၎င်းသည် ရွှေကြက်သွန်ရွာ၌ နေထိုင်ပြီး ပကဖ ဖြစ်သည်ဟု ပြောသည်။

မူးယစ်ဆေးများ သယ်ဆောင်ရန် ကိုစိုးသူ ဆိုသူနှင့် ကိုပုတီးဆိုသူမှ ခိုင်းစေခြင်းဖြစ်သည်ဟု ပြောသည်။ တာဝန်ခံများအဖြစ်လိုက်ပါလာသည့် ကိုပုတီးနှင့်ဇော်လတ် ဆိုသူတို့က ခဏဟု ကားပေါ်မှဆင်းသွားရာပြန်မလာတော့ဟုထွက်ဆိုသည်။

ဖမ်းဆီးထားသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ဇူလိုင် ၉ရက်တွင် မီးရှိဖျက်ဆီးခဲ့ပြီး ဖမ်းဆီးထားသူများကိုလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

ဟားခါးမြိုနယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်းနှင့် သယ်ယူပိုဆောင်ခြင်းများကို ထပ်မံတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟုလည်း အသိပေးပြီး ပြည်သူများမှလည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်များတွင် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းနှိးဆော် ထားသည်။

မူးယစ်ဆေးများသယ်ယူမှုတွင် တပ်ရင်း၊တပ်ဖွဲ့များက ရဲဘော်များပါဝင်နေမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက “ယင်းမာပင်တပ်ရင်း(၁၄/၁၅)များကိစ္စကို စစ်ဆေးဆောင်ရွက်နေပါတယ်။ ပြီးရင် ထုတ်ပြန်ပေးပါ့မယ်”ဟု ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင်တပ်ရင်း(၁၅) တပ်ရင်းမှူးထံ People’s Spring ကဆက်သွယ်​မေးမြန်းရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေး​ပေ။

ယင်းမာပင်ခရိုင်တပ်ရင်း(၁၅)သည်MOD အောက်၌ရှိပြီဆိုသော်လည်း MOD၏ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်ခြင်းမရှိသည်မှာကြာပြီဖြစ်ကြောင်း ဒေသတွင်းမှ ပြည်သူ့ကာကွယ်ရေးရဲ ဘော်များက ပြောသည်။

” သူတို့က MOD ရဲ့ စစ်ဆင်ရေးညွှန်ကြားချက်တွေမှာ ဝင်မပါဘူး။ အထူးသဖြင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ တွဲတာများတယ်။ လက်နက်တွေလည်းပေါမှပေါပဲသူတို့ဆီမှာ။လက်နက်ပွဲစားလိုလို၊ ထောက်ပို့လိုလိုနဲ့ ဖြစ်နေတဲ့အဖွဲ့တွေ”ဟုကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ယခုကဲသို့ မူးယစ်ဆေးဝါးအများအပြားသယ်ဆောင်မှုကို ပြစ်တင်ရှုံ့ချကြောင်း ယင်းမာပင်ခရိုင်အတွင်းမှ ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

“တော်လှန်ရေးလုပ်ပါတယ်ဆိုကာမှစစ်တပ်လို မူးယစ် ဆေးကုန်ကူးနေတာတော့ လုံးဝလက်မခံနိုင်ဘူး”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

People’s Spring ၏ စုံစမ်းမှုများအရ အထက်ပါ မူးယစ်‌ ဆေးဝါးများသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှသယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်ခရိုင်ပကဖမှ အဖွဲ့ဝင်တစ်ဦးကလည်း ယခုဖြစ်စဉ်ကို MOD အနေဖြင့် ထိထိရောက်ရောက်အရေးယူပေးရန်လိုအပ်ကြောင်း ပြောသည်။

“တော်လှန်ရေးကို ခုတုံးလုပ်ပြီး လုပ်စားနေတဲ့အဖွဲ့တွေရှိတယ်။ သူတို့ကို ပြင်းပြင်းထန်ထန်အရေးယူဖို့လိုတယ်။ ဒီတိုင်းဆက်သွားရင် တော်လှန်ရေးက ကြာနေမှာပဲ”ဟု အညာဒေသမှ တော်လှန်ရေးရဲမေတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရဲဘော်အချို့ မူးယစ်ဆေးဝါးသယ်ယူတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးဆောင်ရွက်သင့်တာ အားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ အမှတ်-၃၄၃ခြေမြန်တပ်ရင်း (ခမရ ၃၄၃)တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ ကြောင်း ရေးဘီလူး တပ်ရင်း ခေါင်ဆောင်က လူထုနွေဦး သို့ပြောသည်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်အ​ရှေ့ပိုင်းကိုစစ်ကောင်စီကလေ ကြောင်းမှ ဗုံးကြဲရာ စစ်ရှောင်တစ်ဦး နှင့် ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။