close
Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာအနီးကာကင်းစခန်းတခုကိုပူးပေါင်းတပ် စီးနင်းတိုက်ခိုက်ဖျက်ဆီး

နတ်ရေကန်ဗျူဟာ၏ကာကင်းစခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်-အရှို ( CDF – Asho )နှင့် မဟာမိတ်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်စခန်းစွန့်ခွာထွက်ပြေးသွားသည်။

ကာကင်းစခန်းကိုသိမ်းပိုက်ပြီး​ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ဓါတ်ပုံ-CDF အရှို

ဇွန်-၂၁၊၂၀၂၅။အိမ်သွင်/People’s Spring

နတ်ရေကန်ဗျူဟာ၏ကာကင်းစခန်းတစ်ခုကို ချင်းကာကွယ်ရေးတပ်-အရှို ( CDF – Asho )နှင့် မဟာမိတ်များက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်စခန်းစွန့်ခွာထွက်ပြေးသွားသည်။

နတ်ရေကန်ဗျူဟာနှင့် ၁မိုင်ကျော်အကွာရှိခွန်ဇူရွာလမ်းခွဲမှ စစ်ကောင်စီကာကင်းစခန်းကိုCDF – Asho နှင့်အတူ လူ့ဘောင်သစ်တပ်မတော်(NSA)၊ အရှိုချင်းကာကွယ်ရေးတပ် ( ACDF ) တို့က ဇွန်လ၂၀ ရက်မနက် ၇နာရီ၂၅မိနစ်၌ စီးနင်းတိုက်ခိုက်ခဲ့သည်။

“အမ်း-ပဒါန်းလမ်းပေါ်တက်တဲ့ လမ်းဟောင်းပေါ်ကထောက်ပို့လုပ်တဲ့နေရာ။ ဒါကို တိုက်ခိုက်ခဲ့တာ။ ဒီနေ့အထိတော့ ပြန်နေရာမယူသေးဘူး။ ဒရုန်းနဲ့ လေကြောင်းပျံသန်းမှုတွေတော့ ရှိနေတယ်”ဟု CDF – Asho ပြောရေးဆိုခွင့်ရှိသူက People’s Spring အားပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုစတင်ပြီး ၁၅ မိနစ်ခန့် အကြာတွင်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး ၁ဦးသေဆုံးက ၁ ဦး အရှင်ဖမ်းဆီးမိခဲ့သည်ဟုCDF – Ashoက ယနေ့ ဇွန်လ ၂၁ရက်၌ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိပြီး ထွက်ပြေးသွားသလို MA အမျိုးအစားသေနတ် ၅ လက်၊ BA 100 စိန်ပြောင်း ၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု​​ဖော်ပြသည်။

တိုက်ပွဲအတွင်းCDF – Ashoတပ်ဖွဲ့ဝင်၁ ဦး ဒဏ်ရာရခဲ့ပြီး စိုးရိမ်စရာမရှိဟု CDF – Asho ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ထိုအပြင်နတ်ရေကန်လမ်းဟောင်း ဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေပြီး ဇွန်လ၁၂ရက်မှ ၁၄ရက်အထိ ၃ရက်အတွင်း နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသောစစ်သား ၁၄ ဦးအား သေနတ် ၄လက်၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု CDF – Asho ကအသိပေးထားသည်။

အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကိုAAနှင့် ပူးပေါင်းတပ်များ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့သည်။

မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနှင့်ပူးပေါင်းတပ်များကဖမ်းမိခဲ့သည်။ မေလနှောင်းပိုင်းက တိုက်ပွဲများတွင်နတ်ရေကန်ဗျူဟာအနီးရှိအဓိကကာကင်းစခန်းဖြစ်‌သော ဆက်သွယ်ရေးတာဝါတိုင်စခန်းကိုAAကသိမ်းယူခဲ့သည်။

နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းတိုက်ပွဲခုခံစစ်၌တာဝန်အရှိဆုံးတပ်မ(၉၉)တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မေလကုန်တွင် ဖမ်းဆီးပြီး ရာထူးမှဖြုတ်ချကာ စစ်ဆေးနေသည်။ တပ်မ(၉၉)ယာယီတပ်မမှူးအသစ်အဖြစ်စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းကို အစားထိုး ခန့်အပ်ထားသည်။

တပ်မမှူးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းနတ်ရေကန်ဗျူဟာမှ အမြောက်များနှင့်လက်နက်ကြီးအချို့ကို အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)သို့ဇွန်လ ဒုတိယလပတ်အတွင်း စတင်ရွှေ့ပြောင်းနေသည်ကို တွေ့ရကြောင်း ‌AAနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမ်း-ပဒါန်းလမ်းပိုင်းအနီးရှိ နတ်ရေကန်ဗျူဟာအနီး၌ ရက်အနည်းငယ် တိုက်ပွဲငြိမ်သက်နေရာမှ ယနေ့(ဇွန်လ ၂၀ရက်) နံနက်ပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

သတင်း

အာရက္ခတပ်‌တော်(AA) နှင့် ပူး​ပေါင်းတပ်များက တိုက်ခိုက်နေသည့် နတ်ရေကန်ဗျူဟာမှ လက်နက်ကြီးအချို့ကို အမ်း-ပဒါန်းလမ်းပိုင်းရှိ စခန်းအချို့ထံ စစ်ကောင်စီက ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြားရှိ ရိုးမလမ်းဖြစ်သော အမ်း-ပဒါန်းလမ်းပေါ်မှ စစ်​ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းအနီးရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို အာရက္ခတပ်တော်(AA)က သိမ်းယူလိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။