ဇွန်-၂၁၊၂၀၂၅။ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ ( ၃၃ ) လက်အောက်ရှိ ဒေါနတပ်ရင်း၊ စစ်ကြောင်း ( ၂ ) ရေးပြောက်ကြားတပ်ဖွဲ ( YGF ) မှဦးဆောင်ဖွင့်လှစ်သော အခြေခံ/ အထူးချေမှုန်းရေးသင်တန်းတွင် သင်တန်းသား ၂ဦးသေဆုံးမှု နှင့်ပတ်သက်၍ သင်တန်းဆရာအား ထောင်ဒဏ် ၁နှစ်ချမှတ်ခဲ့ပြီး သင်တန်းဆရာအဖြစ် ရာသက်ပန်ပိတ်ပင်ခဲ့ကြောင်း ဗျူဟာ (၃၃) စစ်ဆင်ရေးဌာနက အသိပေးထုတ်ပြန်သည်။
YGF အပတ်စဉ် ( ၂ ) တွင် သင်တန်းတက်ရောက်နေသော သင်တန်းသား ၂ဦးသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မတီအားဇွန်လ ၃ရက်တွင်ဗျူဟာ( ၃၃ )စစ်ဆင်ရေးမှူးကဦးဆောင်ဖွဲစည်းပြီး သင်တန်းဆရာများ၊သင်တန်းသားများကို စစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
သင်တန်းသားသေဆုံးမှုနှင့်ပတ်သက်၍ စုံခုံကော်မတီ၏စစ်ဆေးမေးမြန်းမှုအား သင်တန်းဆရာမှ ငြင်းဆိုခြင်းမရှိဘဲ အပြစ်ရှိကြောင်းဝန်ခံခဲ့၍ ဇွန်လ ၈ ရက်နေ့တွင် သင်တန်းဆရာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှဏ်ချမှတ်ခဲ့ပြီး ၊ သင်တန်းဆရာအဖြစ် ရာသက်ပန် ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ဟု ဇွန်လ ၂၁ ရက်တွင်ထုတ်ပြန်သည်။

Public Service Announcement
မေလဆန်းတွင် ဖွင့်လှစ်သည့် အဆိုပါ သင်တန်း၌ သင်တန်းသား ၉၀ တက်ရောက်ပြီး ရဲဘော် ၂ဦး ဖြစ်သည့် ရဲဘော် ဒိုင်နိုနှင့် ရဲဘော် ဘထက် တို့သည် နေမကောင်းဖြစ်နေသည့် အခြေအနေတွင် သင်တန်းဆရာက အနားမပေးဘဲ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများကြောင့်သေဆုံးခဲ့ကြောင်း သတင်းဖော်ပြမှုအချို့ ရှိလာခဲ့သည့်အပေါ် ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးက ဇွန်လ ၂၁ရက်တွင်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာ အနှစ်ချုပ်ကိုထုတ်ပြန်ခဲ့သည်။
စစ်ဆေးချက်အရသင်တန်းတွင်သင်ကြားရေးတာ ဝန်ခံငါးဦး၊ဆေး တာဝန်ခံတစ်ဦး၊စားဖိုဆောင်တစ်ဦးနှင့်လုံခြုံရေးတာဝန်ခံများဖွဲ့စည်းပါဝင်သော်လည်း ကျွမ်းကျင်မှု၊ချင့်ချိန်နိုင်မှုနှင့်စီမံခန့်ခွဲမှု အားနည်းသည်ဟု တွေ့ရှိရကြောင်း ဖော်ပြသည်။
သင်တန်သားအများစုသည် တုပ်ကွေး၊ငှက်ဖျားနှင့် အသည်းရောင်အသားဝါရောဂါများဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး တုပ်ကွေးရောဂါဖြစ်နေသူများကို စစ်ဆေးရာတွင် နောက်ဆက်တွဲငှက်ဖျားရောဂါများပါပေါ်လာ၍ဆေးတာဝန်ခံကငှက်ဖျားဆေးပေးသော် လည်း အချို့သည်ဆေးညွှန်းသတ်မှတ်ချက်ပြည့် မီသည်အထိ သောက်ခဲ့ခြင်းမရှိဟုဆိုသည်။
ဖြစ်စဥ်အခြေအနေများကို သင်တန်းဆရာများအနေဖြင့်မသုံးသပ်နိုင်ခြင်းဆေးမှူး နှင့် ညှိနှိုင်းမှုမရှိဘဲ ချမှတ်ထားသည့် သင်တန်းအချိန်ဇယားအတိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သောရဲဘော်နှစ်ဦး၏ အခြေခံကျန်းမာရေးတွင်ရဲဘော်ဒိုင်နိုသည် အဆုတ်အားနည်းရောဂါ နှင့် ချောင်းဆိုသွေးပါရောဂါများရှိခဲ့ဖူးပြီး မသေဆုံးမီ တုပ်ကွေးရောဂါအစပြု၍ ငှက်ဖျားရောဂါဖြစ်ပွားကာ ငှက်ဖျားဆေးသောက်နေရသူဖြစ်ကြောင်းစုံစမ်းရေးအဖွဲ့ကဆိုသည်။
၎င်းသေဆုံးချိန်စစ်ဆေးရာတွင် အဆုတ်အတွင်းပိုး ရောက်ရှိနေပြီး ချောင်းဆိုးသွေးအန်ခြင်းဖြစ်ပေါ်ခဲ့ ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဖော်ပြထားသည်။
ထို့အတူ ရဲဘော်ဘထက်သည်ငှက်ဖျားရောဂါ တွေ့ရှိချိန်၌ ဆေးတာဝန်ခံ၏ညွှန်ကြားချက်အတိုင်း ငှက်ဖျား ဆေးကိုသောက်နေချိန်ကောင်းမွန်စွာအနားမရဘဲလေ့ကျင့်ခန်းများလုပ်ဆောင်ရ၍ အစာအဟာရ စားသောက်နိုင်မှုလျော့နည်းလာ၍ မူးဝေလဲကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း အသိပေးသည်။
နီးစပ်ရာပြင်ပဆေးခန်းတွင် ကုသခြင်း နှင့် ထိုမှတဆင့်ဘုရားသုံးဆူဆေးရုံသို့ပို့၍ကုသစဥ်ဦးနှောက်တွင် ငှက်ဖျားပိုးရောက်ရှိနေပြီဖြစ်သောကြောင့် ရဲဘော် ဘထက်သေဆုံးခဲ့ကြောင်း စုံစမ်းရေးအဖွဲ့က တွေ့ရှိခဲ့သည်။
ရဲဘော်နှစ်ဦးသေဆုံးခဲ့ရသည့်ဖြစ်စဥ်အတွက် သင်တန်းဆရာများ၊သင်တန်းသားများ၊ဆေးတာဝန်ခံနှင့်စားဖိုဆောင်တာဝန်ခံများကိုအသေးစိတ်စစ်ဆေးရာတွင် လုပ်ငန်းစဥ်၊တာဝန်အပိုင်းတို့၌ချမှတ်ထားသောစည်းကမ်းချက်များကိုလိုက်နာရန်ပျက်ကွက်ခဲ့ သော သင်တန်းဆရာတစ်ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။သင်တန်းဆရာကို စုံခုံဖွဲ့၍ စစ်ဆေးခဲ့ပြီး သင်တန်းဆရာက အပြစ်ရှိကြောင်းဝန်ခံသဖြင့် အရေးယူခဲခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
“ကျနော့်ရဲ့ဧရိယာထဲမှာဖြစ်တယ်ကျနော်ကိုယ်တိုင် ကိုင်တွယ်နေတာဖြစ်တဲ့အတွက် ပထမ ထုတ်ပြန်ချက်ထဲမှာလည်း ကျနော်ရှင်းလင်းပြီးသားဖြစ်သလို ထပ်ဆင့်ပြီးတော့လည်းမိဘပြည်သူကိုသတင်းစကား ပေးဖို့ ထပ်မံ ထုတ်ပြန်ဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ အဓိကက သတင်းထဲမှာပါတဲ့အနေအထားမျိုးမဟုတ်ဘူး” ဟုဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုကပြောသည်။
ယခုကဲ့သို့ သင်တန်းသား ရဲဘော် ၂ဦး အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ခံများကို အရေးယူဆောင်ရွက်ထားသကဲ့သို့ စစ်ကြောင်း(၂) စစ်ကြောင်းမှူးနှင့် စစ်ဆင်ရေးမှူး တို့ အနေဖြင့်လည်း တာဝန်ယူမှု တာဝန်ခံမှု ရှိမည်ဖြစ်ကြောင်း အသိပေးသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်သွားတဲ့အပေါ်မှာလည်းပဲ ကျနော်တို့ဘက်က တာဝန်ပေါ့ရော့မှုတွေရယ် ၊ကျနော်တို့ ကြီးကြပ်မှု အားနည်းတဲ့အပိုင်းတွေလည်းပဲ ကျနော်တို့ ဝန်ခံပါတယ်။ဒါပေမဲ့ သူတို့ သတင်းရေးသလိုမျိုးတော့မဟုတ်ဘူးပေါ့။အဲဒီလိုမျိုးရိုက်နှက်သတ်ဖြတ်တယ် ဘာညာဆိုတာ PDFမှာ လုပ်ခွင့်မရှိဘူး။လုပ်ရင်လည်းဒီထက်မကကြီးလေးတဲ့ပြစ်ဒဏ်တွေ ဖြစ်နိုင်တာပေါ့။ပြီးတော့ပြည်သူလူထုရဲ့ကျနော်တို့ တော်လှန်ရေးအကြား ယုံကြည်မှုလည်း ပျက်စီးနိုင်တယ်။” ဟု ရဲဘော် စောဒါးကိုက ပြောသည်။
သင်တန်းသားသည် သင်တန်းပြီးပါက ရဲဘော်ဖြစ်မည့်သူများဖြစ်ကြောင်း၊ တော်လှန်ရေးသမား တယောက် ရရှိရန် မလွယ်ကူကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်၊ စွန့်လွတ်အနစ်နာခံမှုနှင့် ပေးဆပ်မှုများဖြင့် သင်တန်းသို့ လာရောက်ခြင်းဖြစ်၍ ၎င်းတို့ကို တန်ဖိုးထားကြောင်းရဲဘော်စောဒါးကိုက ပြောသည်။
ဒေါနတပ်ရင်းကလည်း ပြည်သူများသို့ အသိပေးပန်ကြားချက်တရပ် ထုတ်ပြန်ခဲ့ရာ “ဒေါနတပ်ရင်း စစ်ကြောင်း(၂)မှ သင်တန်းသားရဲဘော်နှစ်ဦး ကျဆုံးဖြစ်စဉ်”အတွက် မိဘပြည်သူများ စိတ်အမြင်ဝေဝါးစေမှု၊ သင်တန်းသားရဲဘော် ၂ဦးစိတ်ထိခိုက်နာကျင်စေမှုတိုအတွက်ဒေါနတပ်ရင်း မှ စိတ်နှလုံးညှိးငယ်စွာဖြင့် တောင်းပန်ကြောင်း ဖော်ပြသည်။
ဖြစ်စဉ်မှာဒေါနတပ်ရင်းလက်အောက်ခံစစ်ကြောင်း(၂) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်၍ ဒေါနတပ်ရင်းအနေဖြင့် တာဝန်ယူ ဖြေရှင်းရမည်ဖြစ်သော်ငြားတပ်ရင်း၏ လက်ရှိအခြေအနေသည် ဝန်ကြီးဌာန၏ညွှန်ကြားချက်အရ စစ်နယ်နှစ်ခု ကွဲပြားနေချိန်ဖြစ်ကြောင်း၊ထိုအခြေအနေတွင်ဒေါနတပ်ရင်း၏ အုပ်ချုပ်၊ ထောက်ပံ့ကိစ္စရပ်များ ၊ စစ်ရေးလုပ်ငန်းကိစ္စရပ်များတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း အသိပေးသည်။
ထိုသိုနှောင့်နှေးကြန့်ကြာမှုများကြောင့် ယခုSocial Media ပေါ်တွင် ပြန့်ပွားနေသည့် အထက်ပါဖြစ်စဥ်အား တပ်ရင်းအနေဖြင့် အချိန်မီ သိရှိကိုင်တွယ်နိုင်ခြင်းမရှိခဲ့၍ ပြည်သူများ၏ စိတ်ထိခိုက် နာကျင်စေမှုအတွက် များစွာ စိတ်မကောင်းဖြစ်ရဟု ထုတ်ပြန်သည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါနတပ်ရင်းအနေဖြင့်”ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ကာကွယ်ရေးဝန်ကြီးဌာန”ထံ မိဘပြည်သူများအား ကျေလည်ရှင်းလင်းစေသည့် ဖြေရှင်းဆောင်ရွက်မှုပေးပါရန် တင်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။
ထို့အပြင်စုံစမ်းရေးအဖွဲ့၏ ငါးရက်တာ စုံစမ်းစစ်ဆေးမှုအပြီး စုံခုံကော်မတီ၏ ဆုံးဖြတ်ချက်ရလဒ်များကို ကာ ကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိစစ်ရေးဌာန၊စစ်ဒေသမှူးတို့ထံ တင်ပြထားပြီး တပ်ရင်းတပ်ဖွဲ့များနှင့်ပြည်သူ လူထုထံ အစီရင်ခံခြင်းဟု လည်းဖော်ပြသည်။
ထိုတင်ပြချက်နှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ တိကျသေချာသည့်ဖြေရှင်းမှုမရှိသေးသည့်ကာလအတွင်း ဒေါနတပ်ရင်းမှ ပြုလုပ်နေသည့် Armor For Freedom ကျည်ကာကမ်ပိန်းကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း အသိပေးသည်။ ဝန်ကြီးဌာနမှ ဖြေရှင်းထုတ်ပြန်ချက်ရရှိပြီးမှသာ ကမ်ပိန်းအား ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။
ယခုမိဘပြည်သူများသို အသိပေးပန်ကြားချက်သည် ပြည်သူကိုရှေးရှုမျက်နှာမူသော တော်လှန်ရေး အဖွဲအစည်းတရပ်အနေဖြင့် မိဘပြည်သူများ၏ စိတ်ခံစားချက်နှင့်အမြင်ကြည်လင်မှုကို လိုလားစွာဖြင့် တင်ပြ ထုတ်ပြန်ခြင်းဖြစ်ပြီး မည်သူ တဦးတယောက်မည်သည့်အဖွဲ့အစည်းကိုမျှ နစ်နာစေလိုခြင်းမဟုတ်ကြောင်းလည်းအသိပေးထားသည်။
