close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်တိုက်​လေယာဥ်ကို ​တော်လှန်​ရေးအဖွဲ့​တွေပစ်ချနိုင်လို့ ပြည်သူ​တွေ​​​ပျော်ရွှင်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကိုပျက်ကျ​အောင် ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်တဲ့အဖွဲ့​တွေက တစ်ဖွဲ့ထက်မကရှိ​နေပြီ ဘယ်သူပစ်တာပဲဖြစ်ဖြစ် တိုက်​လေယာဥ်ပျက်ကျမှုဟာအ​ရေးကြီးဆုံးပဲဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က​ပြောပါတယ် ။

စစ်တပ်တိုက်​လေယာဥ်ရဲ့​ အပျက်အစီး​တွေနားမှာ PLA တပ်ဖွဲ့ဝင်တချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-PLA

“ပျက်ဘဲကျကျ ပစ်ဘဲချချ လေယာဉ်တစီးဆုံးရူံးတာကျေနပ်စရာဘဲ” —ပြည်သူတဦး

ဇွန်၁၀၊၂၀၂၅။ကိုဘီဂျီ၊က​ဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကိုပျက်ကျ​အောင် ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်တဲ့အဖွဲ့​တွေက တစ်ဖွဲ့ထက်မကရှိ​နေပြီ ဘယ်သူပစ်တာပဲဖြစ်ဖြစ် တိုက်​လေယာဥ်ပျက်ကျမှုဟာအ​ရေးကြီးဆုံးပဲဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က​ပြောပါတယ် ။

“MOD ရင်းနဲ့ ပူးပေါင်းတပ်တွေပစ်တာလည်းရှိတယ်။ PLA ပစ်တာလည်းရှိတယ်။ ဘယ်သူကပစ်တယ်ဆိုတာထက် အဓိကကတော့ ဂျက်ဖိုက်တာ ပျက်ကျဖို့ပဲ”လို့ဦး​ဇော်ထက်က​ပြောပါတယ်။

ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောပါတယ်။ ဒါအပြင် ယင်းမာပင်ခရိုင် ပကဖကလည်း ဇွန်း ၁၀ ရက်​နေ့မှာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန် လေကြောင်းတိုက်ခိုက်တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

​လေယာဥ်​ပေါ်ပါ​လေယာဥ်​မောင်းဟာအခင်းဖြစ်တဲ့​နေရာမှာပဲ​သေဆုံးခဲ့တာကို ​တော်လှန်​ရေးတပ်ဖွဲ​့​တွေထုတ်ပြန်ထားတဲ့ရုပ်သံမှတ်တမ်း​တွေမှာ​တွေ့ရပါတယ် ။ ​​လေယာဥ်​မောင်းမှာ ဦးထုပ်မှာ ဗုဒ္ဓဘာသာမှာ ​ဘေးအန္တရာယ်ကင်း​အောင်ဆိုပြီး​ဆောင်​လေ့ရှိတဲ့ ၂၄ ပစ္စည်းဂုဏ်​တော် ရုပ်ပုံကို ကပ်ထားတာဖြစ်ပါတယ်။ တိုက်​လေယာဥ်ဟာ မ​ကွေး​လေတပ်က တက်လာတဲ့ တရုတ်နိုင်ငံထုတ် F-7 တိုက်​လေယာဥ်ဖြစ်ဖို့များတယ်လို့ စစ်လက်နက်ပစ္စည်း​လေ့လာသူ​တွေက​ပြောကြပါတယ်။

ပြည်သူအများစုက​တော့ ပြည်သူ​တွေကို​နေ့စဥ်ဗုံးကြဲ​နေတဲ့ စစ်တပ်တိုက်​လေယာဥ်တစ်စီးကိုဖျက်ဆီးနိုင်ခဲ့တဲ့အ​ပေါ် ဝမ်း​မြောက်​နေကြပါတယ်။

“ပျက်ဘဲကျကျ ပစ်ဘဲချချ လေယာဉ်တစီးဆုံးရူံးတာကျေနပ်စရာဘဲ” လို့ပြည်သူတစ်ဦးက​ပြောပါတယ် ။

အခြားပြည်သူတစ်ဦးကလည်း “အားရတယ်၊ကျေနပ်တယ်”လို့​မှတ်ချက်ပြုပါတယ်။

“အပျက်အစီးပုံကြီးမြင်ရလို့စိတ်ချမ်းသာပျှော်ရွှင်ရတာဒီတစ်ခါပဲဖြစ်ဖူးသေးတယ် ရှေ့ဆက်ပျှော်စရာတွေများများတွေ့ပါရစေ”လို့ပြည်သူတစ်ဦးက​ပြောပါတယ် ။

ပြည်သူ​တွေကို ​နေ့စဥ်ဗုံးကြဲသတ်ဖြတ်​နေတဲ့အတွက် စစ်​ကောင်စီရဲ့ တိုက်​လေယာဥ်​တွေ ၊ရဟတ်ယာဥ်​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချနိုင်ရင် ပြည်သူ​​တွေ​ပျော်ရွှင်​နေကြတာကို စစ်​ကောင်စီ နဲ့ စစ်တပ်က ​လေယာဥ်​မောင်း​တွေ ၊​စစ်သားမိသားစု​တွေ မြင်ပြီး သူတို့ကိုပြည်သူက ဘယ်​လောက်မုန်းတီး​နေတယ်ဆိုတာသိပြီး ၊ပြည်သူ့ဘက်ကို ​ပြောင်းလဲ ရပ်တည်ဖို့​နောင်တ ရသင့်ပြီလို့ ပြည်သူတဦးကလည်း​ပြောပါတယ် ။

■PLA ရဲ့ထုတ်ပြန်ချက်

ပုလဲမြို့နယ်က ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တာလို့ အဲဒီတပ်က ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဂျက်ဖိုက်တာလေယာဉ်ကို ပစ်ချပြီးနောက် လေယာဉ်ဟာ မီးလောင်ကျွမ်းနေတဲ့အတွက် ချက်ချင်းအနားကို မကပ်နိုင်ခဲ့ဘူးလို့ ​ပြောပြပါတယ်။ ဒါ့ကြောင့် လေယာဉ်ပေါ်မှာ လိုက်ပါလာသူ တစ်ဦးရဲ့ ပျက်စီးနေတဲံ ရုပ်အလောင်းကိုသာ တွေ့ရှိထာပြီး မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးလည်း တွေ့ထားတယ်လို့ PLAက ပြောပါတယ်။

ပစ်ချခံရတဲ့ လေယာဉ်ဟာ ပုလဲမြို့နယ်က ကန်ဒေါင့်ကျေးရွာကို ဗုံးလာကြဲတဲ့ လေယာဉ်ဖြစ်တယ်လို့လည်း PLAက ပြောပါတယ်။

“ဒီနေ့ ၁၂နာရီ ၁၅မိနစ်မှာ PLAရဲဘော်တွေ ပစ်ချလိုက်တာတော့ မှန်ကန်တယ်။ ကျမတို့ ဒါဟာ ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့တာပါ”လို့ PLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပုလဲမြို့နယ်က ကန်ဒေါင့်ကျေးရွာရဲစခန်းကို PLA ဦးဆောင်ပြီး ဇွန်လ ၂ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

■ယင်းမာပင်ခရိုင် ပကဖ ထုတ်ပြန်ချက်

ဇွန် ၁၀ ရင်​နေ့မှာ ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစောထီးကျေးရွာကို စခန်းသိမ်းစစ်ဆင်ရေးဆောင်ရွက်နေချိန်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဂျက်ဖိုက်တာတစ်စီးကို ယင်းမာပင်ခရိုင် ကွက်ကဲရေးအဖွဲ့ ဦးဆောင်တဲ့ PDF၊ ပကဖ အဖွဲ့တွေကပစ်ချခဲ့ရာ ပုလဲမြို့နယ် တစ်နေရာမှာ ပျက်ကျသွားခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖက ထုတ်ပြန်ထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက ဇီးဖြူကုန်းပျူရွာကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာလို့ ဆိုပါတယ်။

ဇွန် ၁၀ ရက် နံနက် ၁၀ နာရီ ၅၃မိနစ်အချိန်ခန့်က တက်ခဲ့တဲ့ Mig-29 ဂျက်ဖိုက်တာတစ်စီးဟာ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူရွာ စခန်းသိမ်းတိုက်ပွဲကို လေကြောင်းတိုက်ခိုက်ဖို့လာချိန်မှာ ပစ်ချခဲ့တာလို့ ဆိုပါတယ်။

■ULF ထုတ်ပြန်ချက်

ပကန်ဒေါင့်စခန်းကို PLAက ဦးဆောင်ပြီးတိုက်ခိုက်နေတာဖြစ်ပြီး ၊ဇွန် ၁၀ ရက် နံနက်အစောပိုင်းမှာပင်ULFအပါအဝင် ယင်းမာပင်ခရိုင်ကွပ်ကဲ​ရေးက တပ်ဖွဲ့​တွေကပုလဲ ဇီးဖြူကုန်းပျူစခန်းကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဇီးဖြူကုန်းကို တိုက်ခိုက်နေတဲ့အချိန် စစ်​ကောင်စီတိုက်လေယာဥ်တစ်စီးက ပေါင်ငါးရာနှစ်လုံးချသွားခဲ့ပြီး ၁၂ နာရီ ၁၇ မိနစ် မှာ မကွေးလေတပ်က တတ်လာတဲ့ နောက်ထပ် ဂျက်ဖိုက်တာတစ်စီးဟာ ဇီးဖြူကုန်းပျူစခန်းကို တိုက်ခိုက်နေတဲ့​တော်လှန်​ရေးအဖွဲ့​တွေကို ရော့ကတ်တစ်လုံးနဲ့ပစ်ခတ်ပါတယ်။ ပစ်ခတ်ပြီးတိုက်​လေယာဥ်ပြန်အကွေ့ ဂျက်ဖိုက်တာပေါ်က ရော့ကတ်တစ်လုံးဟာ ရုတ်တရက်ပေါက်ကွဲသွားပြီး ဂျက်ဖိုက်တာဟာ အောက်သို့ပျက်ကျခဲ့တာလို့ယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်ဖြစ်တဲ့ULF ကလည်းထုတ်ပြန်ပါတယ် ။

■စစ်တပ်ရဲ့ထုတ်ပြန်ချက်

စစ်ကောင်စီကလည်း တပ်မတော်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရဲ့အရှေ့ဘက် စပါးစေ့ကျေးရွာအနီးအရောက်မှာ ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပြီး မြေပြင်ပေါ် ပျက်ကျမီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

စစ်​ကောင်စီက အရင်က ရဟတ်ယာဥ်​တွေ ၊တိုက်​လေယာဥ်​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ချနိုင်ခဲ့တာအခါမှာလည်း စက်ရှို့ယွင်းပြီးပျက်ကျတာပါလို့ ထုတ်ပြန်​​​လေ့ရှိပါတယ် ။ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့မှာလည်း ​​လေယာဥ်ဟာ ပျက်ကျခဲ့တာလို့ ​ပြော​နေတာတချို့ရှိ​နေပါတယ်။

ကချင်ပြည်နယ် ၊ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာလည်း ​မေလ ၂၁ ရက်မှာ စစ်ကူနဲ့ ခဲယမ်းရိက္ခာ​တွေလာပို့တဲ့ ရဟတ်ယာဥ် သုံးစီးကိုတိုက်ခိုက်တာမှာ ၁ စီးပျက်ကျတာကိုလည်း စစ်​ကောင်စီက စက်ချို့ယွင်းလို့ပျက်ကျတာလို့ လိမ်လည်ထုတ်ပြန်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးတပ်​တွေက စစ်​ကောင်စီ ရဟတ်ယာဥ် ၊​တိုက်​လေယာဥ်​တွေကို ပစ်ချဖျက်ဆီးနိုင်တာ အနည်းဆုံး၁၂ စီးရှိပြီလို့ People’s Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရ​တွေ့ရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၀၊ ၂၀၂၅။​​နေ့သစ်/ People’s Spring စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ ​မြေပြင်ကရဲ​ဘော်တွေဆီကသိရပါတယ်။ ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက”ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ”လို့​ပြောပါတယ် ။ “၁၂နာရီ ၁၀မိနစ်...

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်‌ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ၈ ရက်မြောက်နေ့တိုက်ပွဲဆက်လက်ပြင်းထန် နေပြီး စစ်​သား နဲ့ ပျူအချိုကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီး တိုက်ပွဲမှာ​သေ​တဲ့ စစ်​ကောင်စီတပ်ဖွဲ့တချို့ရဲ့ရုပ်အ​လောင်း​တွေက အပုပ်နံ့​တွေထွက်​နေပြီလို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

ဆောင်းပါး

ပခုက္ကူအခြေစိုက် တော်လှန်​ရေးတပ်ဖွဲ့ နှစ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်တွင် အတူပူး​ပေါင်းလုပ်ရမည့် အရေးကြီး စစ်ဆင်ရေး သို့မဟုတ် ရန်သူနှင့် အနီးကပ်ဆုံး စွန့်စားမှုပြုလုပ်ရမည့် စစ်ဆင်​ရေးတစ်ခုအတွက် စိတ်လှုပ်ရှားတက်ကြွ​နေကြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကပိတ်ဆို့ထားသည့် ပျူစောထီးအားကောင်းရာ အင်မထီးကျေးရွာမှ ဒေသခံကိုးဦးထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံခဲ့သည်။