ဇွန်-၁၀၊ ၂၀၂၅။နေ့သစ်/ People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ မြေပြင်ကရဲဘော်တွေဆီကသိရပါတယ်။
ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက”ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ”လို့ပြောပါတယ် ။
“၁၂နာရီ ၁၀မိနစ် လောက်မှာ ပျက်ကျတဲ့အသံကို ကြားလိုက်တယ်။ ကျတာကတော့ စပါးစေ့နဲ့ လက်ပန်းကန်ကြားထဲမှာ ကြားထဲမှာလား။ စပါးစေ့ရွာထဲမှာလားမသိဘူး။ အိမ်တအိမ်မီးလောင်နတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement
စပါးစီးရွာဟာ မင်းတိုင်ပင်ရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာလို့ သိရပါတယ်။
လေယာဥ်မောင်းသူတွေလည်းသေဆုံးတယ်လို့ ULF အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာစစ် ကောင်စီရဲ့ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။
အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြပေးမယ်လို့လည်းဖော်ပြထားပါတယ်။
အဲဒီလေယာဉ်ဟာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာဖြစ်ပြီး ဒီနေ့မနက်မှာ ကျေးနင်း၊ ဇီးဖြူကုန်း၊ အင်မထီးရွာတွေကို လှည့်လည်ပစ်ခတ်နေတဲ့ ဂျက်ဖိုက်တာလို့ သိရပါတယ်။
ပုလဲ မြို့နယ်တိုက်ပွဲမှာရှိနေတဲ့အခြား ရဲဘော်တစ်ဦးကလည်း “ဂျက်ဖိုက်တာတစီး ပေါင်ငါးရာနှစ်လုံးချပြီး စပါးစေ့ရွာပေါ် ပျက်ကျတာ”လို့ လူထုနွေဦးကိုပြောပါတယ် ။
“သူတစီးထဲကို ပတ်ပစ် နေတာဗျ။ ကျွန်တော်တို့ကာကင်းတွေ ပစ်ချလိုက်လို့လား၊ ရာသီဥတုကြောင့်လားတော့ မသိဘူး။ သူပျက်ကြချိန်မှာ မိုးလည်းနည်းနည်းရွာတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ဇီးဖြူကုန်းစခန်းသိမ်းတိုက်ပွဲကို ဒီမနက် ၅နာရီမှာ ချတာ။ MiG 29က လာပစ်ပြီး အင်အားဖြည့်တာကို ပစ်ချတာ”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ် ။
ပုလဲမြို့ရဲ့ အဓိကစခန်းတစ်ခုဖြစ်တဲ့ ကမ်းဒေါင့်စခန်းသိမ်းတိုက်ပွဲကိုPLA ဦးဆောင်ပြီးပူးပေါင်းတပ်တွေက ဇွန်လ၂ရက်၌ စတင်ပြီးတိုက်ခိုက်နေတာပါ ။ဇွန် ၁၀ ရက် နံနက်ပိုင်းမှာတော့ ကျန်စခန်းသိမ်းတိုက်ပွဲတွေကိုပါ ခရိုင် PDF တပ်ရင်းတွေ နဲ့ ပူးပေါင်းတပ်တွေ ကဦးဆောင် တိုက်ခိုက်နေပြီး တော့တိုက်တွေအလွန်ပြင်းထန်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေက ပစ်ချတဲ့ တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်စုစုပေါင်းအနည်းဆုံး ၁၂ စီးရှိပြီဖြစ်ပါတယ်။
