ဇွန်-၁၀၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်တပ်လက်အောက်ခံPNO/PNA ပြည်သူ့စစ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် ကယန်းပြည်သစ်ရဲဘော်တစ်ဦး သေဆုံးခဲ့သည်။
အသက် ၂၀ အရွယ် ရဲဘော် ဒေးဗစ် (ခ) ငြိမ်းချမ်းသည် ဇွန်လ ၉ ရက်က ဆောင်နန်းခဲရွာရှိ ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ ဂိတ်စခန်းကို ဒရုန်းဖြင့်ဗုံးကြဲခံရပြီးကျဆုံးခဲ့ရခြင်းဖြစ်သည်။
“ဒရုန်းဗုံးကျည်စ ဦးခေါင်းထဲထိသွားတာ။ရဲဘော် သုံးယောက် ထိတာ။ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာ ပြင်းထန်တယ်”ဟု ကယန်းအမျိုးသားတစ်ဦး က PNO ပြည်သူ့စစ်၏ တိုက်ခိုက်ခဲ့မှုဖြစ်စဥ်ကို ပြောသည်။

Public Service Announcement
တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်တပ်နှင့်အပစ်အခတ်ရပ်ထားသည့် ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ တုံ့ပြန်ချက်တစ်စုံတစ်ရာ မရှိသေးပေ။
စစ်တပ်လက်အောက်ခံPNO/PNA ပြည်သူ့စစ်က အဆိုပါတိုက် ခိုက်မှုကို “ညောင်ရွှေမြို့နယ်၊ စံကားကျေး ရွာအုပ်စုရှိ ပြည်သူများကို ဒုက္ခပေးနေသောသောင်းကျန်းသူအဖွဲ့ကိုနှိမ်နင်းခဲ့ကြောင်း”ဟုရုပ်သံမှတ်တမ်းဖြင့် လူမှုကွန်ယက်တွင် ဝါဒဖြန့်ထားသည်။
“အခုထိတော့ကယန်းပြည်သစ်ဘက်က တုံ့ပြန်ချက် ကို မတွေ့ရ သေးဘူး။PNO ရဲ့ ကနဦးထုတ်ပြန်စာအရ သောင်း ကျန်းသူအဖွဲ့ဆိုပြီး ခေါင်းစဥ်တပ်လာပုံကတော့ ကယန်းပြည်သစ် ဂိတ်မှန်းသိတယ်။သိလည်း လုပ်တယ် ဆိုတာမျိုး။ဒီသဘောအရ ဆို စကစ က ညောင်ရွှေအောက်ပိုင်းနဲ့ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကိုPNOကိုစိတ်ကြိုက်လုပ်ခွင့်ပေးလိုက်တဲ့ သဘောမျိုးလို့မြင်တယ်”ဟု ရှမ်းတောင်အခြေပြုစစ် ရေးသတင်းရင်းမြစ်က ၎င်း၏ ထင်မြင်ချက်ကို ရှင်းပြသည်။
ရဲဘော်သေဆုံးခဲ့ရသည့်ယခုဖြစ်စဥ်အပါအဝင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့သည် ကယန်းပြည်သစ်နှင့်ဆက် စပ်၍ ဂိတ်စခန်းများနှင့် ကယန်းအမျိုးသားတို့၏ အထိမ်း အမှတ်ကျေးရွာတို့ကို လေကြောင်းမှတိုက်ခိုက် ထားသည်။
လက်ရှိတွင်ဖယ်ခုံအင်းအရှေ့ခြမ်းရှိဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွတ်အစရှိသည့် ကျေးရွာများမှပြည်သူ ရာနှင့်ချီစစ်ရှောင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်။ထိုစစ်ကြောင်း၏လက်နက်ကြီးပစ်ခတ်မှုကြောင့်နန်းပေါ်လုံမှကျောင်းသားတစ်ဦးဇွန်လ၆ရက်ကသေဆုံးခဲ့သည်။
