ဇွန်-၁၀၊ ၂၀၂၅။ အီယိုရီ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြည်တွင်းသို့ လတ်တလောပြန်နိုင်သည့်အနေအထားမရှိသေးချိန်တွင် လက်ရှိတာဝန်မှ အနားယူပြီး သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ နှစ်ကုန်ပိုင်းတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်အားလုံး ပြည်တွင်း၌ စုစည်းကာ လက်တွေ့ကျကျ လုံ့လထုတ်စေလိုကြောင်း ပြောကြားထားသည်။ ထိုအခြေအနေတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် သုံးနှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ဇော်က ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍများအတွက် နှုတ်ထွက်ခြင်းဖြစ်ကြောင်း People’s Spring သို့ ရှင်းပြသည်။
“အနားယူတာကလည်း သမ္မတကြီးရဲ့ Vision ပေါ့၊ မျှော်မှန်းဆောင်ရွက်ချက်တွေ၊ အဲဒါတွေမှာ ပိုမိုမြှင့်တင်ပေးနိုင်မယ့် အခန်းကဏ္ဍက ပါဝင်ဖို့ပေါ့နော်။ ကျွန်တော် တာဝန်ယူတဲ့ ကဏ္ဍပြောင်းတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ မြန််မာနိုင်ငံထဲကို အခုလောလောဆယ် ပြန်နိုင်တဲ့ အနေအထားလည်း မရှိသေးဘူး။ ဆိုတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ ဒီဟာ သမ္မတရုံးမှာ အဓိကကျတဲ့ တာဝန်တွေထဲက အရေးကြီးတဲ့ တာဝန်တစ်ခုဖြစ်တဲ့ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ပေါ့။ Strategic engagement and coordination ဆိုတဲ့အပိုင်းတွေမှာ ကျွန်တော့်အနေနဲ့ ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက်ပေးနိုင်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ နှုတ်ထွက်တာဖြစ်ပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။

Public Service Announcement
လက်ရှိ အနောက်နိုင်ငံတစ်ခုတွင် အခြေချနေထိုင်လျှက်ရှိသော ဦးကျော်ဇော်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG စတင်ဖွဲ့စည်းချိန်ကတည်းက သမ္မတရုံး၌ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တစ်နှစ်ခန့်အကြာတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်သည် ယနေ့မှစ၍ ပြောရေးဆိုခွင့်ရှိသူ တာဝန်မှ အနားယူလိုက်ပြီး သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ တာဝန်ယူမည်ဟု ယာယီသမ္မတဒူဝါလရှီးလက သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ၎င်းအား သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အစိုးရအဖွဲ့ဝင်များနှင့် သမ္မတရုံးအတွင်းဝန်တို့အား အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် ယင်းတာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့်အတွက် အလွန်တရာမှ ဂုဏ်ယူဝမ်းမြောက်ရကြောင်း ဦးကျော်ဇော်ကလည်း ထုတ်ပြန်သည်။
“အမျိုးသားညီညွတ်ရေးအစိုးရ နှင့် နွေဦးတော်လှန်ရေးအပေါ် ထားရှိသည့် ကတိကဝတ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ဦးကျော်ဇော်က ထုတ်ပြန်သည်။
ဆက်လက်တာဝန်ယူလုပ်ဆောင်သွားမည့် အခန်းကဏ္ဍအသစ်သည် နိုင်ငံတော်ယာယီသမ္မတ၏ မျှော်မှန်း ဆောင်ရွက်ချက်များကို မြှင့်တင်ပေးကာ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမည်ဟု ၎င်းက အသိပေးသည်။
“အဓိကကတော့ နွေဦးတော်လှန်ရေးအတွက် ကျွန်တော်ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ။ ဒါကြောင့် ပြည်သူလူထု တရပ်လုံးအနေနဲ့လည်း စစ်အာဏာရှင်စနစ် ပြုတ်လုနီးနီးအချိန်အထိ အောင်ပွဲတွေ ၊ လေးနှစ်ကျော်ကာလအတွင်းမှာ အချိန်တိုတိုအတွင်းမှာ အောင်ပွဲတွေ ခံလာတာပြည်သူလူထုရဲ့ စွမ်းအားကြောင့်ဖြစ်တယ်။ တစ်ဦးချင်းတစ်ယောက်ချင်းကြောင့် မဟုတ်ဘူး။ ပြည်သူလူထုရဲ့ စွမ်းအားကြောင့်ဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုအားလုံးလိုလားနေတဲ့ ရက်စက်ကြမ်းကြုမ်းတဲ့ စစ်အာဏာရှင်စနစ်၊ ဖက်ဆစ်စနစ် ပျက်စီးဖို့အတွက်၊ အောင်ပွဲခံဖို့အတွက် ကျွန်တော်တို့တတွေ အဆုံးသတ်တိုက်ပွဲ အတူတကွ အရှိန်အဟုန်မြှင့်ပြီး ပါဝင်ကြပါလို့ တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အတတ်နိုင်ဆုံး နွေဦးတော်လှန်ရေးမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးကျော်ဇော်က People’s Spring သို့ ပြောသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၌ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ရှိနေဆဲဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးနှင့်ပတ်သက်၍ ထုတ်ပြန်ပြောကြားမှုများကို အဆိုပါရုံးက ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် NUG ၏ အပတ်စဥ် ပြုလုပ်နေကျ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပါးခြင်းအစီအစဥ်(Press Briefing)ကို ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တာဝန်ယူ ပြောကြားသွားမည်ဟု ဆိုသည်။
NUG သည် ဝန်ကြီးဌာန ၁၇ခုဖြင့် ဖွဲ့စည်းထားကာ ပြည်ထောင်စုဝန်ကြီး ၁၆ဦး ခန့်အပ်တာဝန်ပေးထားပြီး ပြည်ထောင်စုဝန်ကြီး ၁၀ဦးခန့်မှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
သို့သော် NUG ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ပြည်ထောင်စုဝန်ကြီးအချို့မှာ ပြည်တွင်း၌ နေထိုင်နေကြောင်း သိရသည်။
NUG အစိုးရအဖွဲ့ဝင်များ ပြည်တွင်း ပြန်လာရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားပြီးနောက် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြည်တွင်းသို့ ပြန်ဝင်လာပြီး တော်လှန်ရေးတာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်း အသိပေးထားသည်။
