မေ ၂၅၊၂၀၂၅။ရဲခေါင်/People’s Spring
ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၌ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ သတို့သမီးအပါအဝင် သေဆုံးသူများဟု ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။
ယနေ့(မေလ ၂၅ရက်)နံနက် ၁၁နာရီခန့်က တိုက်ခိုက်ခံရမှုသည် ကျောက်ကြီးမြို့နယ် ကျွန်းကြီးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
“ဗုံးက ထမင်းချက်ရုံဘေးမှာ ကျတာပါ။ သတိုးသမီးအပါ ၁၀ဦးတော့ သတင်းရတယ်၊များမယ် ထင်ပါတယ်”ဟု ရွှေကျင်မြို့ခံတစ်ဦးက ယနေ့စစ်ကောင်စီ၏ ဗုံးကြဲမှုဖြစ်စဥ်အပေါ် ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်ကိုမူ မသိရသေးပေ။

Public Service Announcement
ယခု မေလဆန်းပိုင်းက ရွှေကျင်မြို့နယ်ရှိ အမှတ် (၅၉၈)ခြေမြန်တပ်ရင်းဌာနချုပ် (ခမရ-၅၉၈)ကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ရွှေကျင်မြို့နယ်၌ စစ်ရေးတင်းမာမှုများရှိကာ လေကြောင်းတိုက်ခိုက်မှုများလည်းမကြာခဏ ပြုလုပ်နေသည်ဟု ပဲခူးတိုင်းစစ် ဘက်သတင်းရင်းမြစ်က အသိပေးသည်။
“အရပ်သားပြည်သူ မင်္ဂလာဆောင်မှာ ယုတ်မာစွာလေယာဉ်နဲ့ဗုံကြဲတိုက်တယ်။ဒီလောက် ယုတ်မာတဲ့လုပ်ရပ်ကို အကြမ်းဖက်တွေပဲလုပ်ပါတယ်”ဟု ၎င်းက ပြောသည်။
ယခုမေလ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သာစည် – မင်းစုကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ ကလေးငယ်ရှစ်ဦးအပါအဝင် ပြည်သူ ၁၄ဦး သေဆုံးခဲ့ရသည်။
ထို့အပြင် ယခုလပိုင်းများအတွင်း ပိုမိုဆိုးရွားစွာ ကျူးလွန်လာသည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒီပဲယင်းမြို့နယ်၊ကျောက်တော်မြို့နယ်၊စဥ့်ကူးမြို့နယ်၊မြိုင်မြို့နယ်တို့တွင် အရပ်သား အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရသည်။
