မေ ၂၄၊၂၀၂၅။ယောနသံ/People’s Spring
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်ထားသည့် လမြန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား KIA ပူးပေါင်းတပ်က တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး စစ်ရေးဆက်လက်တင်းမာနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
လမြန်ကျေးရွာတွင် မေလ ၂၂ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
KIA ပူးပေါင်းတပ် ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီတပ်မှ နှစ်ဦး စနိုက်ပါထိမှန်သေဆုံးသည်ဟု သတင်းရရှိသည်။

Public Service Announcement
” တိုက်ပွဲပုံစံက စစ်ဆိုင်ထားသလိုဖြစ်နေတာ။ စကစနဲ့ ရှမ်းနီ(SNA)၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေကို KIA၊PDF က ပိတ်ဆို့ထားတာ။ ဟိုနေ့က တိုက်ပွဲမှာ စနိုက်ပါလက်ချက်နဲ့ စကစနှစ်ယောက်သေတယ်။ ရှေ့ဆက်မတိုးရဲပဲ ပိတ်မိနေတယ်။ အဲဒီနေ့က တစ်နေကုန်လေယာဉ်ဝဲပြီး ညနေပိုင်းမှာ လေကြောင်းကနေလာပစ်တယ်”ဟု KIA နှင့် နီးစပ်သောစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
မေလ ၂၃ရက်နှင့် ယနေ့ (မေလ ၂၄ရက်)နံနက် တွင် တိုက်ပွဲငြိမ်သက်နေသော်လည်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ၎င်းက သုံးသပ်သည်။
” လမြန်မှာက ကိုက် ၅၀၀လောက်အတွင်းမှာ စစ်ဆိုင်နေတာ။ စစ်တပ်က သူရှုံးနေတာသူမသိဘူး။ မိုက်မိုက်မဲမဲ တိုးလာတာ”ဟု KIAသတင်းရင်းမြစ်က ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်း လမြန်ရွာအပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့်ကျေးရွာများကို ပြီးခဲ့သည့်မတ်လမှစတင်၍ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပြီး ဝိုင်းမော်မြို့၊ခလရ(၅၈)တပ်ရင်းကလည်း လက်နက်ကြီးများပစ်ခတ်ခဲ့သည်။
လမြန်ရွာသည် ဝိုင်းမော် – ကန်ပိုက်တည်လမ်းပိုင်း၌ရှိပြီး ပြီးခဲ့သည့်ဧပြီလဆန်းတွင် စစ်ကောင်စီက တင့်ကားခုနစ်စီးဖြင့် ရောက်ရှိလာပြီးတပ်စွဲခဲ့သည်။ လမြန်ရွာကို လေကြောင်းမှ ဗုံးကြဲသလို ဒရုန်းအသုံးပြု၍ ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲခဲ့သေးသည်။
လမြန်ရွာကို စစ်ကောင်စီက အဆိုးရွားဆုံးတိုက်ခိုက်မှုမှာ ယမန်နှစ် ၂၀၂၄ ဇွန်လကဖြစ်သည်။ ဇွန်လ ၁၀ရက်နှင့် ၁၇ရက်က စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။
လမြန်ရွာခရစ်ယာန်ဘုရားကျောင်းလည်း ပ်ြိုကျပျက်စီးသွားခဲ့သည်။ ယင်းမတိုင်မီ မေလအတွင်းကလည်း စစ်ကောင်စီလက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)၊ပြည်သူ့စစ်ပူးပေါင်းတပ်များသည် မြစ်ကြီးနား- ဝိုင်းမော် – ကန်ပိုက်တည်လမ်းအတိုင်း စစ်ကြောင်းထိုးလာ၍ ပိတ်ဆို့တိုက်ခိုက်ခံနေရသလို မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း ဖားကန့်မြို့ ဦးတည်နေသည့် စစ်ကြောင်းမှာလည်း ပိတ်ဆို့တိုက်ခိုက်ခံနေရသည်။
