■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေဆုံးပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရ
မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရထားသည်။
ထွန်းရေဝကျေးရွာကို နံနက် ၁၀ နာရီခန့်တွင် စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဗုံး နှစ်လုံးကြဲခြင်းဟု ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
” အလောင်းက ၁၃ လောင်းရထားပါတယ်။ဒဏ်ရာရက ၃၀ ကျော်ပြီးလက်ရှိ၂၀ ကျော်ရထားပါတယ်။ထိခိုက်သူ ပိုများလာနိုင်ပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူများအားလုံး အရပ်သားများဖြစ်ပြီး ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟုစုံစမ်းသိရသည်။
ထွန်းရေဝကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၍ ၁၃ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရထားကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနအချို့အားဖြေကြားထားသည်။ ရသေ့တောင်မြို့သည် AA သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။
စစ်ကောင်စီသည် နှစ်ရက်အတွင်း ထွန်းရေဝရွာအား လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်ကျုးလွန်ထားသည်။
မေလ ၁၂ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအား လေကြောင်းမှ ဗုံးကြဲရာကျောင်းသား၊ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ဦး၊ စုစုပေါင်း၂၂ဦးသေဆုံးခဲ့သည်။
ထို့အပြင်မေလ ၁၂ရက် နံနက်အစောပိုင်းတွင်မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်လယ်မရွာကို စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး အသက် ၆နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားကာ ၂၀ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရရှိသည်။
နှစ်ရက်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၀ထက်မနည်း ဒဏ်ရာရကာ ၂၀ ကျော်ကို ဖမ်းဆီးသွားသည်။
နိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကိုအရေးယူရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုနေကြသည်။


















































