မေ ၇၊၂၀၂၅။ကဖေး/People’s Spring
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တောင်ကလေးအကျဥ်းထောင်၌ ထောင်တွင်းဂိုဏ်းဖွဲ့ထားသော ရာဇဝတ်အကျဥ်းသားများက နိုင်ငံရေးအကျဥ်းသားနှစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့(မေလ ၇ရက်) သတင်းထုတ်ပြန်သည်။
နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့် နှင့်ကိုမင်းသူစိုးတို့အား ထောင်ပိုင်လေးစိုးမိုးအောင်ဦးဆောင်ဖွဲ့စည်းထားသည့် ဘားကုတ်ဂိုဏ်းမှ ရာဇဝတ်အကျဥ်းသား ၁၂ဦးက ပြီးခဲ့သည့် ဧပြီ ၃၀ရက်တွင် ရိုက်နှိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။ ကိုကျော်ကျော်မြင့်သည်ထောင်ဒဏ် (၁၅)နှစ်နှင့် ကိုမင်းသူစိုးသည် ထောင်ဒဏ် (၄)နှစ် မတရား ကျခံနေရသူဟု ဆိုသည်။
၎င်းတို့ နှစ်ဦးတို့သည် ထောင်မှကျွေးသော ဟင်းနောက်ကျရကြောင်းကို ထောင်ပိုင်လေး၏ လူယုံတပည့်က အိပ်ဆောင်အတွင်း ဝင်ရောက်မေးခိုင်း၍မေးမြန်းစဉ် အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခံခဲ့ရခြင်းဟု ထုတ်ပြန်ထားသည်။

Public Service Announcement
ကိုကျော်ကျော်မြင့်အား ရာဇဝတ်အကျဥ်းသား စပရိန်က ပုဆိုးဖြင့်ထည့်ပြီးပတ်ထားသော ကွန်ကရစ်တုံးဖြင့် နောက်စေ့ကို စတင်ရိုက်နှက်ခဲ့ပြီး ရာဇဝတ်အကျဥ်းသားမင်းမင်းကလည်း ကွန်ကရစ်တုံးဖြင့် ဦးခေါင်းကို ထုနှက်ခဲ့ကြောင်း PPNMက ဖော်ပြသည်။
ကိုကျော်ကျော်မြင့် နှင့်ကိုမင်းသူစိုးတို့ကို ရာဇဝတ်အကျဉ်းသား ၁၂ဦးက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြပြီး အုပ်စုဖွဲ့၍ ကြိုတင်ကြံစည်ပြီး လူသတ်ရန်ကြိုးစားခဲ့ခြင်းဟု ဖော်ပြထားသည်။ ကိုကျော်ကျော်မြင့်မှာ ဦးခေါင်းကွဲအက် ဒဏ်ရာ၊ခန္ဓာကိုယ် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊မျက်နှာဖူးရောင် ဒဏ်ရာ၊တံတောင်ဆစ် လက်မောင်း ညိုမည်းဒဏ်ရာများ ရရှိခဲ့ပြီး၊ ဦးခေါင်းကွဲအက် ဒဏ်ရာအား (၃)ချက် ချုပ်ခဲ့ရကြောင်း၊ ကိုမင်းသူစိုးမှာလည်း ဦးခေါင်းကွဲအက်ဒဏ်ရာ (၇)ချက်ချုပ်ရပြီး၊ ဘယ်မျက်ခုံး ကွဲအက်ဒဏ်ရာ၊ မျက်နှာတပြင်လုံး ဖူးရောင်ညိုမဲဒဏ်ရာ ၊ခန္ဓာကိုယ်အနှံ့ ညိုမည်းရောင်ကိုင်းဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်နေရာမှာ အိပ်ဆောင်မှူးရုံးခန်းရှေ့တွင် ဖြစ်သော်လည်း အိပ်ဆောင်မှူး ဗိုလ်လေးအောင်ရဲနိုင် ၊တပ်ကြပ်ဝင်းမောင်၊တပ်ကြပ် သိန်းသန်းဦးတို့က ဝင်ရောက်ဟန့်တားခြင်း လုံးဝမပြုလုပ်ဘဲ ကြည့်နေခဲ့သည်ဟု ဆိုသည်။
ထောင်တွင်း အဂတိဆိုင်ရာလုပ်ရပ်များကို နိုင်ငံရေးအကျဉ်းသားများက မကြာခဏ တင်ပြသဖြင့် အညှိုးထားကာ ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း PPNM က သုံးသပ်သည်။ ယခု ဖြစ်စဥ်အား ကရင်ပြည်နယ် အကျဉ်းဦးစီးဌာနတာဝန်ခံက ဦးဆောင်စစ်ဆေးလျက်ရှိသော်လည်း ကျူးလွန်သူ ၁၂ဦးအနက် ၅ဦးသာ ပါဝင်သည်ဟု အကျဥ်းဦးစီးဘက်မှ ပြောဆိုပြီး အဆိုပါ ၅ဦးကို အကျဥ်းထောင် တိုက်အတွင်းထားရှိကြောင်း သတင်းရရှိသည်။
ထောင်တွင်းဘားကုတ်ဂိုဏ်းမှာ ဂုတ်တွင်ပုံစံတူ ဘားကုတ်ပုံစံ တက်တူးထိုးထားကြကာ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဥ်းသားများအား နှိပ်ကွပ်ရန် သီးသန့်ဖွဲ့စည်းထားခြင်းဟု
PPNMက ထုတ်ပြန်ထားသည်။ အဆိုပါဂိုဏ်းအား ထောင်ပိုင်လေးစိုးမိုးအောင်က ဦးဆောင်ဖွဲ့စည်းထားပြီး အင်အား (၁၀၀)ခန့် ရှိသည်ဟု ဆိုသည်။
” အဲ့ဒီဂိုဏ်းက ၂၀၂၃ လောက်ကစပြီး ပေါ်လာတာ။ မုဒိမ်းမှု လူသတ်မှုတွေနဲ့ ကျတဲ့ကောင်တွေကို လုပ်ပိုင်ခွင့်ပေးပြီး နိုင်ကျဉ်းတွေကို နှ်ိပ်ကွပ်ဖို့ လုပ်ထားတာ”ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးကပြောသည်။
ယခု တောင်ကလေးထောင်ဖြစ်စဉ်တွင် ရိုက်နှက်ခံရသည့်နိုင်ငံရေးအကျဉ်းသားနှစ်ဦးက တရားရုံး ပြင်ပတွင် တရားစွဲဆိုသွားမည်ဖြစ်ပြီး အမှုဖြစ်စဉ်နှင့် နောက်ဆက်တွဲအခြေအနေများအားလုံးကို တောင်ကလေးအကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဥ်းသားများမှ ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း PPNMက ထုတ်ပြန်ထားသည်။
