မေ ၁၃၊၂၀၂၅။ရဲခေါင်/People’s Spring
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် ကရင်နီပြည် နယ်အပါအဝင် အရက်သားပြည်သူများကို ဗုံးကြဲ တိုက်ခိုက်သည့်ဖြစ်ရပ်များစွာကို ပိုမိုရက်စက်ကြမ်းကြုတ်စွာတွေ့လာရကြောင်း KNDF က အသိပေးသည်။
ထိုအပြင် ယမန်နေ့(မေလ ၁၂ ရက်) နံနက်ကျောင်းတက်ချိန်တွင် စစ်ရေးပစ်မှတ်မဟုတ်သော ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းကျေးရွာ၏ စာသင်ကျောင်းကို လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ နှစ်ဦးနှင့် ကျောင်းသား၊ကျောင်းသူ ၂၀ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၄၀ ကျော်ရှိကြောင်းဖော်ပြသည်။
ထိုလုပ်ရပ်များအားလုံးသည် စစ်ရာဇဝတ်မှုကျူးလွန်မှု ဖြစ်ရပ်သက်သေများအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူများအားလုံးကို ပြင်းထန်စွာအရေးယူနိုင်ရန် KNDFက ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

Public Service Announcement
ထို့အပြင် စစ်ကောင်စီ၏လုပ်ရပ်များကို မသိကျေးကျွန်ပြုပြီး စစ်ကောင်စီ၏ အင်အားကိုအထောက်အကူပြုနေသည့်မည်သည့်အဖွဲ့အစည်းကိုမဆို ၎င်းကျူးလွန်မှုများနှင့်အတူ ထပ်တူတာဝန်ရှိကြောင်း KNDFက သတ်မှတ်သည်ဟု ဖော်ပြသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးရှိ ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ အရပ်သားပြည်သူ များ၊ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်သော အနာဂတ်ပြည်ထောင်စုကာကွယ်ရေးတပ် တစ်ရပ်ပေါ်ပေါ်ရေးကြိုးစားကြရမည်ဟုလည်း တိုက်တွန်းသည်။
အာဏာသိမ်းစစ်ကောင်စီက အပစ်ခတ်ရပ်စဲရေးကာလများထုတ်ပြန်ခဲ့သော်လည်း နိုင်ငံအတွင်းနေရာအနှံ့အပြားတွင် နေ့စဥ်ရက်ဆက် အရပ်သားပြည်သူများကို ပစ်မှတ်ထားသတ်ဖြတ်နေသည်ကို နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်ရာဇဝတ်မှုကျူးလွန်နေသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို အရေးယူရေးနှင့်စစ်လက်နက်ပစ္စည်းအထောက်အပံ့ များတားဆီးရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန် KNDFက မေတ္တာရပ်ခံသည်။
၂၀၂၁ ဒီဇင်ဘာ ၃၁ရက်က ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းသည် စစ်ရှောင်ပြည်သူ ၃၅ဦးကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ခဲ့မှုကျူးလွန်ခဲ့သည်။ထို့အတူ ကရင်နီပြည်နယ်ကို နေ့စဥ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေပြီး လွန်ခဲ့သည့်နှစ်ရက်က မော်ချီး ဒေသတွင် ပြည်သူ နှစ်ဦးမှာ လေကြောင်းမှ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသည်။
အာဏာသိမ်းစစ်တပ်သည် နိုင်ငံတစ်ဝှမ်း အရပ်သားပြည်သူများကို သတ်ဖြတ်မှုများစွာကျူးလွန်နေပြီး ၎င်းတို့ထိန်ချန်ထားသည်များလည်းရှိကာ ယခင်လက ဖမ်းမိသည့် ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်မှ ပျူစောထီးခေါင်းဆောင်တစ်ဦး၏ထွက်ဆိုချက်အရ စစ်တပ်ကဦးဆောင်၍ သတ်ဖြတ်ခဲ့သည့် ပြည်သူသုံးဦးမှ ကိုးဦးအထိ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ် ငါးခုအထိရှိခဲ့သည်ကို တွေ့ရသည်။
(ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – ဒီပဲယင်း ပအဖ)
