ဧပြီ-၂၅၊၂၀၂၅။ယောနသံ/People’s Spring
KIA နှင့် မဟာမိတ်များကဗန်းမော်မြို့သိမ်းတိုက်ပွဲပြန်လည်ထိုးစစ်ဆင်ရာ အထိနာနေသည့် စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၅ ) ညနေပိုင်းမှစ၍ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှနေ၍ ဝိုင်းမော်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။
“ဝိုင်းမော်မှာက စစ်ရေးလှုပ်ရှားမှုလုံးဝမရှိဘူး။ ဗန်းမော်မှာ အခြေအနေမကောင်းလို့ မပခကနေ ရမ်းသမ်းပြီးပစ်နေတာ။လမြန်ရွာဘက်ကို အများဆုံးကျတယ်” ဟု ဝိုင်းမော်မြို့ခံတဦးကပြောသည်။
မြစ်ကြီးနားမြို့ နှင့် ဝိုင်းမော်မြို့သည် ဧရာဝတီမြစ်ခြားလျှက် ၄ မိုင်ခန့်သာ ဝေးသည်။ ဧပြီ ၂၅ ညပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများ ဆူညံစွာကြားနေရကြောင်းမြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီပစ်မှတ်ထားတိုက်ခိုက်နေသည့်လမြန်ရွာသည် KIAထိန်းချုပ်ထားသည့်နေရာဖြစ်သည်။ ဝိုင်းမော်မြို့နယ်အတွင်းလမြန်ရွာအပါအဝင် KIAနှင့် KPDFများ ထိန်းချုပ်ထားသည့်ရွာများကို ပြီးခဲ့သည့်မတ်လမှစတင်၍ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများမကြာခဏပြုလုပ်ခဲ့သည်။ထိုအပြင်ဝိုင်းမော်မြို့ရှိ အမှတ် (၅၈) ခြေလျင်တပ်ရင်း (ခလရ-၅၈)မှလည်း လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။
“ပေါက်ကွဲသံတွေပိုပြီးဆူညံလာတယ်”ဟုမြစ်ကြီးနားမြို့ခံတစ်ဦးကဧပြီ ၂၅ ရက်ည ၁၁နာရီတွင် ပြောသည်။
လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ကြောင်းလည်းဒေသတွင်းသတင်းဌာနအချို့ကဖော်ပြသည်။သို့သော် People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
စစ်ကိုင်းငလျင်ကြီးကြောင့်ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် KIA က ဧပြီ ၂ ရက်မှ ၂၂ရက်အထိယာယီအပစ်ရပ်ခဲ့သည်။ထိုနောက် ဧပြီ ၂၅ ရင်မနက်အစောပိုင်းမှစ၍ KIA နှင့် ပူးပေါင်းတပ်များက
ဗန်းမော် မြို့ရှိ စကခ ၂၁ ၊ ခလရ ၇၅ အပါအဝင်ာစစ်တပ်လက်ကျန်ာစခန်းများ ၊တပ်ရင်းများကိုထိုးစစ်ဆင်ပြီး မြို့ကိုအပြီးသတ်သိမ်းပိုင်ရန် တိုက်ခိုက်ခဲ့ရာ စစ်တပ်စခန်းအချို့ကိုသိမ်းဆည်းနိုင်ခဲ့ပြီး စစ်တပ် အထိနာနေကြောင်း သတင်းရရှိသည်။ အသေးစိတ် ကိုမူမသိရသေးပေ။
ထိုအပြင် ယခုရက်ပိုင်း၌ စစ်ကောင်စီသည် မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး -ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့် ဖားကန့်ကို အင်အားဖြည့်ရန် ကြိုးစားနေရာ အဆိုပါလမ်းပိုင်းနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်နေသည်။
“ဖားကန့်လမ်းကြောင်းတိုက်ပွဲမှာလည်း စစ်တပ်နောက်ကိုပြန်ဆုတ်နေရတယ်။ ဖားကန့်မှာတော့ အခြေအနေငြိမ်နေတုန်းပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတဲ့နားကရွာတွေကတော့ ဘေးလွတ်ရာကိုရှောင်နေကြရတယ်” ဟု ဖားကန့်ဒေသခံတဦးကပြောသည်။
