ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်စွဲရာနေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သောပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၅ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ပြီးထပ်မံသိမ်းနိုင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
KIA က ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်ခဲ့ပြီးနောက် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကိုဧပြီလ ၂၅ရက်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာအမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ၂၁)အပါအဝင် ဗန်းမော်ရှိ လက်ကျန်တပ်စခန်းအားလုံးကို တပြိုင်းတည်း တိုက်ခိုက်နေခြင်းဖြစ်သည်။
“ဒီမနက် မြို့တွင်း တချို့နေရာတွေ ရထားတာရှိတယ်။ အခြေအနေကောင်းတယ်။”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။သို့သော်သိမ်းပိုက်နိုင်ခဲ့သောစခန်းများနှင့်ပတ်သက်သောအသေးစိပ်အချက်အလက်များကိုမူမသိရသေးပေ။

Public Service Announcement
စစ်ကောင်စီကလည်း လေကြောင်းမှဗုံးကြဲ၍အပြင်းအထန်ခုခံလျက်ရှိရာ ဧပြီ ၂၅ ရက်တစ်ရက်တည်းလေကြောင်းမ ဗုံး ၁၃ ကြိမ်ထက်မနည်းကြဲခဲ့ကြောင်း၎င်းကပြောသည်။
“အခုပြောနေရင်းမြစ်ကြီးနားဖိုက်တာတစ်စီးလာကြဲသွားပြီ”ဟုစစ်ရေးသတင်းရင်းမြစ်က ဧပြီ ၂၅ ရက် ညနေ ၅နာရီ ကျော်အချိန်တွင်ပြောသည်။
KIA ဦးဆောင်သောပူးပေါင်းတပ်သည် ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည်။ စကခ -၂၁ ၏ ကာကင်းတပ်ရင်းများအပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာအများအပြားကို သိမ်းပိုက်ရရှိထားသည်။ ဗန်းမော်လေ
ယာဉ်ကွင်းကို အပြီးသတ်သိမ်းပိုက်ထားနိုင်သကဲ့သို့ တင့်ကားတပ်ရင်း၊ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း၊ခြေလျင်တပ်ရင်းအချို့ကိုလည်းသိမ်းပိုက်ထားသည်။
ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်ကလေကြောင်းမှဗုံးကြဲခြင်း ၊ဒရုန်းအသုံးပြုဗုံးကြဲခြင်း တို့ဖြင့်အပြင်းအထန် ခုခံလျက်ရှိသော်လည်း မြေပြင် စစ်ကူပေးပို့နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်သည်။ တိုက်ပွဲအတွင်း စစ်တပ်မှစစ်သုံ့ပန်းများ၊ သံချပ်ကာ နှင့်တင့်ကားများ လက်နက်ခဲယမ်းများစွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။
KIA အနေဖြင့်လည်း ဗန်းမော်ရှိ စကခ-၂၁ အပါအဝင် မြို့တခုလုံးအပြီးသတ် သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း KIA သတင်းပြန်ကြားရေးကသတင်းထုတ်ပြန်အသိပေးထားသည်။
မတ်လ ၂၈ရက်တွင် စစ်ကိုင်းငလျင်ဘေးကြုံရချိန်တွင် စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာရာ KIO/KIAကလည်း ယင်းရက်အတိုင်း ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော် ဧပြီ ၂ ရက်ညပိုင်း၌ပင် ဗန်းမော်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခြင်းအပါအဝင် KIAနယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ မြေပြင်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ပြောထားသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ ကြေညာထားသည့် အပစ်ရပ်စဲရေးထုတ်ပြန်ချက်ကို စည်းဖောက်ပြီး ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့သော်လည်း KIA အနေဖြင့် အပစ်ရပ်ကာလအတွင်း ကြေညာချက်ကို လိုက်နာကာ စစ်ကောင်စီ၏ ထိုးစစ်ကိုသာခုခံမှုသာပြုလုပ်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့သည်။
ဧပြီ ၂၂ရက်တွင် စစ်ကောင်စီက အပစ်ရပ် ကြေညာမှုကို ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ ထပ်မံ သက်တမ်းတိုးသည်ဟုဆိုသော်လည်း နိုင်ငံတစ်ဝန်းလေကြောင်းမှဗုံးကြဲခြင်း၊စစ်ကြောင်းထိုးခြင်းများဆက်တိုက်ပြုလုပ်နေသည်။ထိုအပြင်ဧပြီ ၂၄ရက်တွင် စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်အတွင်း အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ၍ KIAနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်သတင်းရင်းမြစ်အချို့က ပြောကြားသည်။
