ဆိုင်းမင်း/People’s Spring
မန္တလေး နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ မိုင် ၃၀ ပတ်ချာလည်အကွာအဝေးအတွင်းမှာရှိတဲ့ မတ္တရာမြို့နယ် ၊ ဧရာဝတီမြစ်ရိုးတလျှောက်ရွာပေါင်း ၅၀ နီးပါးက ဒေသခံပြည်သူတွေ စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ရိုးတလျောက်က ရွာတွေကို စစ်ကောင်စီတပ်က မြေပြင်က စစ်ကြောင်းထိုးတာ၊လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ရှောင်နေကြရတာလို့ ဒေသခံအချို့ဆီကသိရပါတယ်။
စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့ သုံးဆယ်ပေးကျေးရွာကို ပြန်လည်သိမ်းယူပြီးနောက် မြစ်ရိုးတလျောက် ရွာတွေကိုဝေဟင်၊ မြေပြင်ပစ်ကူယူပြီး စစ်ကြောင်းထိုးနေတာပါ။

Public Service Announcement
ဒါကြောင့် သုံးဆယ်ပေးကျေးရွာရဲ့မြောက်ဘက်ခြမ်းက ဝေါ ၊ ဝန်းစု၊ ထိန်ပင်ဇောက် ၊ မြွေ ၁၄ ရွာ အပါအဝင် ကုန်းတန်းလေ၊ ကုန်းတန်းကြီး၊ ဆူးလေကုန်း၊ ဘိုကုန်း၊ဘုရားမကုန်း၊ရွှေဘောင်၊သဖန်းဒေါင့်၊သနပ်ကုန်း၊ငယ်တို့၊အလယ်ရွာစတဲ့ ရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရတယ်လို့သိရပါတယ်။
မတ္တရာမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ” နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာလ ၁၈ ရက်က ကျောက်ချဥ်ပေါက်ကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ လည်း သိမ်းဆည်းရမိတယ်လို့အသိပေးပါတယ်။
မတ္တရာမြို့အနောက်ခြမ်းမှာ ပြီးခဲ့ ဇူလိုင်လပိုင်းစတင်ကာ တိုက်ပွဲတွေဖြစ်ပွားပြီး နိုဝင်ဘာလလယ်ပိုင်းမှာတော့ ပိုမိုပြင်းထန်လာတာပါ။
စစ်ကောင်စီတပ် က မတ္တရာမြို့ပေါ်ရှိ ဘောလုံးကွင်းထဲကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို မန္တလေး-မတ္တရာကားလမ်းပိုင်းအနီး ကျေးရွာတွေကနေ မတ္တရာအနောက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်နေတာလို့သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မတ္တရာနယ်မှာ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း သံဃာ၊ ကလေးငယ်တွေပါအဝင် အရပ်သား ၁၆ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေထံက ကောက်ယူတဲ့စာရင်းအရသိရပါတယ်။
ဝေါစုရွာမှာ သံဃာ ၃ ပါး၊ ကလေး ၁ ဦး အပါအဝင် အရပ်သား ၁၂ ဦး၊ မြွေတလှိုင်းကျေးရွာမှာ သားအမိ ၂ ဦး၊ ထိန်ပင်ဇောက်ကျေးရွာက ၂ဦး စုစုပေါင်း ၁၆ဦးသေဆုံးခဲ့ပါတယ်။
