ရဲခေါင်/People’s Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကပြန်ရောက်လာပြီးနောက် စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ထမ်းများအား တရုတ်ဘာသာစကားသင်ကြားရန် ညွှန်ကြားထားပြီး အဆိုပါအစီအစဉ် ယနေ့(နိုဝင်ဘာ ၂၀ရက်)တွင် စတင်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ အဆိုအရ တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံသားများ ပိုမိုဝင်ရောက်လာနိုင်၍ ပြင်ဆင်ခြင်းဟု လူထုနွေဦးသို့ မှတ်ချက်ပြုသည်။
“သင်တန်းက နှစ်လကြာမယ်။ဒီနေ့(နိုဝင်ဘာ ၂၀ ရက်)က စမယ်။နေပြည်တော်တို့ ရန်ကုန်နဲ့ မန္တလေး က ဝန်ထမ်းအယောက် ၄၀ တဖြတ်စသင်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
အစိုးရဝန်ထမ်းဟောင်းတစ်ဦးက “အစိုးရဝန်ထမ်းတွေကို တရုတ်စာသင်တန်းပေးတဲ့ ဖြစ်စဥ်က ရှိခဲ့ဖူးတယ်။ဒါကလည်း အခု မအလရဲ့ခရီးစဥ်မှာ ပါသွားတဲ့ ထိပ်တန်းစကစက အရာရှိတွေထဲက ရန်နိုင်ထွန်း လုပ်ခဲ့တာ။သူက အရင် NLD လက်ထက်မှာက ကုန်သွယ်ရေးညွှန်ချုပ်။သူလက်ထက်တုန်းက အစိုးရဝန်ထမ်းတွေ တရုတ်စာသင်ဖို့ လုပ်ခဲ့ဖူးတယ်။အခုကတော့ တရုတ်ကို အားကိုးနေရတဲ့ မအလ ညွှန်ကြားလို့လုပ်ရတာလို့ မြင်တယ်”ဟု လူထုနွေဦးသို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းနှင့်ဆက်ဆံမှုရှိသည့် ရုရှားနိုင်ငံ၏ ဘာသာစကားကိုလည်း ယမန်နှစ်လယ်ပိုင်းကစ၍ နေပြည်တော်တွင် သင်တန်းပို့ချမှုရှိခဲ့သည်။
စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံကို ယခု နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ သွားရောက်ခဲ့ပြီး မြန်မာ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံရေးအပါအဝင် အကူအညီပေးရန် တောင်းခံခဲ့သည်။
