close
Connect with us

Hi, what are you looking for?

သတင်း

KIAသိမ်းရန်ကျန်နေသည့် တရုတ်နယ်စပ်ကန်ပိုက်တီမြို့ပေါ် ၌ ယနေ့တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီနယ်စပ်မြို့တွင် ယနေ့(နိုဝင်ဘာ ၂၀ရက်)တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(တရုတ်နယ်စပ် ကန်ပိုက်တီမြို့ပေါ် ၌ ယနေ့တိုက်ပွဲဖြစ်နေစဉ်။ ဓာတ်ပုံ - ကချင်တောင်တန်း)
(တရုတ်နယ်စပ် ကန်ပိုက်တီမြို့ပေါ် ၌ ယနေ့တိုက်ပွဲဖြစ်နေစဉ်။ ဓာတ်ပုံ - ကချင်တောင်တန်း)
◾️တပ်မိသားစုများနှင့် စစ်ကောင်စီဝန်ထမ်းများ တရုတ်ဘက်ထွက်ပြေးဟုဆို

ဟန်နွေ/People’s Spring

ကန်ပိုက်တီမြို့သည် ကချင်အထူးဒေသ(၁)နယ်မြေအတွင်းပါဝင်ပြီး အဆိုပါဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ရန် ကျန်နေသည့် တစ်ခုတည်းသော မြို့ဖြစ်သည်။ တရုတ် – မြန်မာနယ်စပ်မြို့လည်ဖြစ်သော အဆိုပါမြို့ပေါ်၌ ယနေ့(နိုဝင်ဘာ ၂၀ရက်)တွင် ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပြီး ပစ်ခတ်မှု ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသသည်။

“ကံပိုက်တီမြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီ။ စခတွေ ဟိုတယ် ထဲမှာ နေရယူထားတယ်။ တပ်မိသားစုတွေနဲ့ ဝန်ထမ်းတွေ တရုတ်ပြည်ဘက် ပြေးဝင်နေကြတယ်။ ဂိတ်ဖွင့်ထားပေးတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

KIA အနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင် အထူးဒေသ(၁)နယ်မြေကို ယခုနှစ် ဇွန်လတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ အတွင်း ဆဒုံးဒေသ၊ စက်တင်ဘာလကုန်တွင် ချီဖွေ၊ အောက်တိုဘာလဆန်းတွင် ဆော့လော်၊ အောက်တိုဘာလလယ်တွင် ပန်ဝါမြို့များကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် နယ်စပ်မြို့ ဖီမော၊ ကန်ဖန့်ဒေသ၊ လန်ဆယ်ဒေသ တို့ကိုလည်း KIAက ဆက်လက်သိမ်းပိုက်ခဲ့ရာ ကချင်အထူးဒေသ(၁)တွင် ကန်ပိုက်တီမြို့သာ ကျန်နေခြင်းဖြစ်သည်။ ကန်ပိုက်တီမြို့စောင့်တပ်ဖြစ်သော နယ်ခြားစောင့်တပ်(BGF) ၁၀၀၃ တပ်ရင်းကိုလည်း အောက်တိုဘာ လကတည်းက KIAက သိမ်းပိုက်ထားခြင်းဖြစ်သည်။

မြန်မာ-တရုတ် တရားဝင်နယ်စပ်မြို့ဖြစ်သည့် ကန်ပိုက်တီကို မသိမ်းရန် တရုတ်ဘက်က ဖိအားပေးနေ၍ KIA ဘက်က သိမ်းရန် ကျန်နေခြင်းဖြစ်ပြီး ယနေ့ တိုက်ပွဲအခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ KIAသည် ယခင်ကလည်း မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို တရုတ်က ဖိအားပေးနေသည့်ကြားမှာ သိမ်းပိုက်ရယူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကန်ပိုက်တီရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ တိုက်ပွဲသတင်း အသေးစိတ် အခြေအနေကိုမူ မသိရသေး​ပေ ။

သတင်း

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က အင်အားဖြည့်တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း PNLAက ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားရာ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့(နိုဝင်ဘာ ၂၀ရက်)အသိပေးသည်။

သတင်း

အင်းတော်မြို့တွင် စစ်ကောင်စီ‌ခြေမြန်တပ်ရင်း ခမရ(၇၇) လက်အောက်ခံတပ်များ နှင့် ရှမ်းနီတပ်(SNA)တို့က ပူး​ပေါင်းခုခံ​နေခြင်းဖြစ်သည်ဟုသတင်းရရှိသည်။

Facebook