close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်းတွင် တိုက်ပွဲဖြစ်နေ

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက် ခြမ်းအား နိုဝင်ဘာ ၉ ရက်ကစတင်ကာစစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေသည်။

(စစ်ကူသွားနေသော စစ်သင်္ဘောနှစ်စီးအား ဧရာဝတီမြစ်အတွင်း၌ တွေ့ရစဥ်။ ဓါတ်ပုံ - ရောင်နီနွေဦး)
(စစ်ကူသွားနေသော စစ်သင်္ဘောနှစ်စီးအား ဧရာဝတီမြစ်အတွင်း၌ တွေ့ရစဥ်။ ဓါတ်ပုံ - ရောင်နီနွေဦး)

▪️စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးများဖြင့်ပစ်ခတ်နေ၍ ဒေသခံသောင်းချီ တိမ်းရှောင်

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယမန်နေ့(နိုဝင်ဘာ ၁၇ရက်) နံနက် ၃နာရီခန့်က မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဆောက်ခြုံပေါက်၊ ငယ်တိုး သဖန်းဒေါင့်အပါအဝင် မြစ်ရိုးကျေးရွာတစ်လျှောက်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း Voice Of MDY အဖွဲ့က ပြောသည်။

“အဓိကကတော့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေတယ်။ မတ္တရာမြို့နယ် အနောက်မြောက်ခြမ်းမှာတစ်ကြောင်း၊ အနောက်တောင်ခြမ်းမှာတစ်ကြောင်း။ သူတို့စစ်ကြောင်းထိုးနေတုန်းလည်း ၁၂၀ မမ၊ ဟောင်ဝစ်ဇာတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ တိုက်ပွဲဖြစ်ပြီး သူတို့ဘက်ကထိခိုက်သေဆုံးတာတွေရှိတယ်လို့ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် နံနက် ၉ နာရီမိနစ် ၂၀တွင် တစ်ကြိမ်၊ နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ နေ့လယ် ၁ နာရီ မိနစ်၄၀ တစ်ကြိမ် သုံးကြိမ်လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Networkအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆောက်ခြုံပေါက်ရွာအနီးတဝိုက်ကို သုံးကြိမ်တိတိ လေကြောင်းတိုက်ခိုက်တယ်။ လေကြောင်းတိုက်ခိုက်နေတုန်းကို မတ္တရာမြို့ဘောလုံးကွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိခိုက်မှုရှိကြောင်း သိရသည်။

ထို့အပြင် မန္တလေးဂေါဝိန်ဆိပ်မှလည်း တိုက်ခိုက်ရေး သင်္ဘောနှစ်စီးထွက်လာခဲ့ပြီး ညနေပိုင်းတွင် ပြန်ဆင်းသွားကြောင်း၊ စစ်ကိုင်း၊ မင်းကွန်းဆိပ်ကမ်းတွင်လည်း စစ်သင်္ဘော ၂စီးမှာ လက်နက်ကြီးများ​၊ ခြေလျင်စစ်ကြောင်းများ ပြင်ဆင်ထားကြောင်း စုံစမ်းသိရသည်။

ယနေ့(နိုဝင်ဘာ ၁၈ ရက်) နံနက် ၇ နာရီ ၁၅ မိနစ်ခန့်ကလည်း မတ္ထရာမြို့နယ်အနောက်ခြမ်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများအား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး မတ္တရာဘောလုံးကွင်းမှလည်း ၁၂၀ မမများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း Voice Of MDY အဖွဲ့က ပြောသည်။

အဆိုပါ ပစ်ခတ်သံများကို မန္တလေးမြို့ပေါ်မှ သိသာစွာကြားလိုက်ရကြောင်း မြို့ခံများက ပြောသည်။

“လေးချက်ကို ရှေ့ဆင့်၊ နောက်ဆင့် တပြိုင်ထဲ ကြားတာ။ ဆက်တိုက်ပဲ။”ဟု မန္တလေးမြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက် ခြမ်းအား နိုဝင်ဘာ ၉ ရက်ကစတင်ကာစစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားနေသည်။

မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်သောင်းချီရှိနေကာ စားနပ်ရိက္ခါ၊ ဆေးဝါး၊ အနွေးထည်၊ စောင်တို့ လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲမဖြစ်ပွားမီကလည်း မတ္တရာမြို့နယ်အနောက်ခြမ်းအား လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၁ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ၂ပတ်အတွင်း ဒေသခံပြည်သူ ၆ဦး သေဆုံးခဲ့သည်။

မတ္တရာမြို့နယ်ရှိ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၊ အကာကွယ်ရှိသော နေရာများတွင် နေထိုင်ကြရန်၊ လေယာဥ်များ ပျံသန်း ဝဲနေလျှင် အကာကွယ်ရှိနေရာများတွင် နေပေးကြပါရန်နှင့် တနေရာနှင့် တနေရာ ကူးသန်း ပြေးလွှားချင်းများ မပြုလုပ်ကြပါရန် ကာကွယ်ရေးအဖွဲ့များက မေတ္တာ ရပ်ခံထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သိမ်းယူထားသော တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီမှ လက်နက်ကြီး နှင့်လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်နေကြောင်း၊ သို့သော် တိုက်ပွဲများတွင် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီအလောင်းများ သိမ်းဆည်းရမိခဲ့ပြီး သိမ်းထားသော စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း အောက်တိုဘာ တတိယပတ်အတွင်း မန္တလေး PDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်စီမံကိန်များရှိရာကျောက်ဖြူမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) စစ်ရေးအခြေအနေ စတင်တင်းမာနေပြီး KBZ အပါအဝင် ပုဂ္ဂလိကဘဏ်များအားလုံး ပိတ်သွားပြီဟု မြို့ခံအချို့ကပြောသည်။

သတင်း

စစ်ဆင်ရေးအတွင်း BNRAမှ ရဲဘော် ၉ ဦးကျဆုံးပြီး BNRA ရဲဘော် ၁၀ဦးနှင့် GZAမှ ရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထပ်မံ အသိပေးသည်။

သတင်း

ချင်းညီနောင်သည် နိုဝင်ဘာ ၉ရက်ကစ၍ မင်းတပ်နှင့် ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း အသိပေးထားသော်လည်း စစ်ရေး အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

သတင်း

စစ်ရေး အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့လည်း ဆက်သွယ်မေးမြန်းထားသည်။