-People’s Spring
အထည်ချုပ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီးအာဏာသိမ်း မြန်မာစစ်တပ်အတွက် ဝင်ငွေ အထောက်အပံ့ ဆက်လက် ရရှိနေစေတဲ့ အဝတ်အထည်ကုမ္ပဏီ ၃ ခုကို ကန့်ကွက်ကြောင်း နိုင်ငံတကာ လုပ်သားရေးရာ သမဂ္ဂ တစ်ခုက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဆွစ်ဇာလန် အခြေစိုက် IndustriALL ကမ္ဘာလုံးဆိုင်ရာသမဂ္ဂက သူတို့အဖွဲ့အစည်းနဲ့အတူ မြန်မာနိုင်ငံမှာ ပိတ်ဆို့တားဆီး ခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)နဲ့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)တို့ ပူးပေါင်းပြီး Next၊ New Yorker နဲ့ LPP အမှတ်တံဆိပ်တွေကို ကန့်ကွက်ခဲ့တာလို့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီ အမှတ်တံဆိပ် ကုမ္ပဏီတွေဟာ လုပ်ငန်းကျင့်ဝတ်ဆိုင်ရာ နိုင်ငံတကာ သဘောတူထားတဲ့ စံသတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ IndustriALLက စွပ်စွဲခဲ့ပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီ သုံးခုဖက်ကတော့ အဲဒီစွပ်စွဲချက်အပေါ် မှတ်ချက်ပေး တုံ့ပြန်ခြင်း မရှိသေးပါဘူး။

Public Service Announcement
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး (OECD) လမ်းညွှန်ချက်တွေက နိုင်ငံတကာ ပူးပေါင်း လုပ်ဆောင်မှု စီးပွားရေး ကဏ္ဍတွေမှာ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးတွေကို လေးစားလိုက်နာပြီး ကျင့်ဝတ် ပြည့်ဝစွာ၊ တာဝန်ယူမှုရှိစွာ လည်ပတ်စေရမယ်လို့ တိတိကျကျ ဖော်ပြထားကြောင်း IndustriALLက ထောက်ပြခဲ့ပါတယ်။
IndustriALLက မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အထည်ချုပ် စက်ရုံ အလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင့်တက်လာတာကို ထောက်ပြခဲ့ဖူးသလို စစ်တပ်ရဲ့ ပြိုကျလာတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ နိုင်ငံခြားဝင်ငွေ အရင်းအမြစ်အဖြစ် အထည်ချုပ် လုပ်ငန်းတွေက ထွက်ပေါက်တစ်ခု ဖြစ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာအနှံ့က ကုန်သွယ်ရေး သမဂ္ဂပေါင်း ၆၀၀ လောက်နဲ့ အလုပ်သမား သန်း ၅၀ လောက်ကို ကိုယ်စားပြု ရပ်တည်နေတဲ့ IndustriALLက မြန်မာစစ်တပ်ဟာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းမှုကို ပိတ်ပင်နေပြီး သမဂ္ဂ ခေါင်းဆောင်တွေကို ဖမ်းဆီးနေကြောင်း၊ လွတ်လပ်စွာ အသင်းအဖွဲ့ စုဖွဲ့ခွင့်တွေ တားမြစ် ခံထားရတဲ့အတွက် တခြား အလုပ်သမား သမဂ္ဂတွေလည်း ပုံမှန် လည်ပတ်ခွင့် မရတော့ကြောင်း ပြောကြားထားပါတယ်။
ဒီအခြေအနေတွေအရ အာဏာသိမ်း စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေ အထောက်အပံ့ ရရှိအောင် ဆက်လက် ပူးပေါင်း ဆောင်ရွက်နေတာမျိုးက မဖြစ်သင့်တော့ကြောင်း ဝေဖန်ပြီး အဝတ်အထည် အမှတ်တံဆိပ် သုံးခုရဲ့ ဌာနချုပ်တွေ အခြေစိုက်ရာ ဗြိတိန်၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတွေဆီ အရေးဆိုမှုတွေကို IndustiALLက ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ အထည်ချုပ် လုပ်ငန်းမှာ ဝန်ထမ်းတွေ လုပ်ခလစာ ချိုးနှိမ်ခံရတာ အပါအဝင် ဆိုးဆိုးရွားရွား အခွင့်အရေး ချိုးဖောက်ခံရမှု ပြဿနာတွေကိုလည်း သမဂ္ဂဖက်က တစ်ပါတည်း ထောက်ပြခဲ့ပါတယ်။
လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံမှာ ဆက်လက် လုပ်ငန်းလည်ပတ်ပြီး စစ်တပ်နဲ့ ပူးပေါင်း အလုပ်လုပ်နေတဲ့ အမှတ်တံဆိပ်တွေဟာ အကြောက်တရား၊ အဓမ္မ ခိုင်းစေမှုနဲ့ အမြတ်ထုတ်မှုတွေကို အကြောင်းပြုပြီး အကျိုးအမြတ် ရှာဖွေနေတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ IndustriALLရဲ့ အတွင်းရေးမှူးချုပ် အတ္တလီဟွိုင်က ပြောပါတယ်။
IndustriAllဟာ မြန်မာ စစ်တပ်ကို အကျိုးအမြတ် ဖြစ်စေမယ့် နိုင်ငံတကာ အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်အောင် တက်တက်ကြွကြွ လှုံ့ဆော်စည်းရုံးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ညှိနှိုင်းဆွေးနွေးမှုတွေအပြီး နာမည်ကြီး အဝတ်အထည် အမှတ်တံဆိပ် တချို့ဟာ မြန်မာနိုင်ငံမှာ ဆက်လက် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့သလို နောက်ပိုင်းမှာလည်း H&M၊ Primarkနဲ့ Lidlတို့လို တံဆိပ်တွေကပါ တူညီတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လုပ်သားတွေအပေါ် စနစ်တကျ အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေ ပြသနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ ဆက်လက် လုပ်ငန်းလည်ပတ်နေတဲ့ အမှတ်တံဆိပ်တွေဟာ အဲဒီ အမြတ်ထုတ်မှုတွေအကြောင်း မသိပါဘူးလို့ ငြင်းဆိုလို့လည်း မရကြောင်း ဟွိုင်က သတိပေးခဲ့ပါတယ်။
အမှတ်တံဆိပ် အသီးသီးဟာ အလုပ်သမားတွေနဲ့ လူ့အခွင့်အရေး ကဏ္ဍထက် အကျိုးအမြတ်ကို ဦးစားပေးတာမျိုး မဖြစ်သင့်ဘူးလို့လည်း သူက ဆိုတယ်။ နောက်ပြီး IndustriALLဟာ မြန်မာ
နိုင်ငံမှာ ကျန်ရှိနေဆဲ နောက်ထပ် အမှတ်တံဆိပ်တွေနဲ့ ပတ်သက်လို့လည်း အရေးဆိုမှုတွေ လုပ်ဆောင်ဖို့ စဉ်းစားထားကြောင်း ဟွိုင်က ပြောကြားသွားပါတယ်။
ကိုးကား: AFP
