ထူးအောင်/People’s Spring
REMALမုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဝင်ပြီး အားလျော့ သွားသော်လည်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မိုးသီးထန်စွာရွာသွန်းနေသောကြောင့် ဒေသအချို့တွင် ရေကြီးမှု နှင့်မြေပြုမှု ဘေးကြုံတွေ့နေရသည်။
ဆိုင်ကလုန်း REMALသည် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် မေလ(၂၆)ရက်နေ့ညပိုင်း တွင် ဖြတ်ကျော်ဝင်ရောက်သွားခြင်းဖြစ်သည်။ သို့သော် ကုန်းတွင်းမုန်တိုင်းအဖြစ်ဆက်လက်တိုက်ခိုက်နေစဉ် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မေလ ၂၆ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းနေသည်။
ကချင်ပြည်နယ်ချီဘွေမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းမှုကြောင့် နေအိမ်အချို့ ပျက်စီးမှုရှိခဲ့သည်။ ဒေသခံအချို့ကိုလည်း ဘေးလွတ်ရာသို့ပို့ဆောင်ထားရကြောင်းသတင်းရရှိသည်။

Public Service Announcement

စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်းမြို့နယ်တို့၌ ချင်းတွင်းမြစ်ရေမြင့်တက်ပြီး မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နစ်မြုပ်နေကြောင်း ဒေသခံများကပြောသည်။
“ချင်းတွင်းရေက ကြည့်နေရင်း တက်လာတာ။ မိုးကဆက်ရွာနေတုန်းပါပဲ။ ရေဘေးရှောင်ရတဲ့အဆင့်အထိတော့မရောက်သေးဘူး”ဟု ခန္တီး မြို့ခံတဦးကပြောသည်။
ရှမ်းပြည်နယ်တွင်လည်း ဒေသအချို့တွင် မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေကြောင်း ဒေသခံအချို့ကပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်တို့မှာလည်း ရုတ်တရက်ရေတိုးလာကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီမြစ်သည် မြစ်ကြီးနားမြို့တွင် မေလ ၂၆ရက်မှ မေလ ၂၈ရက်အတွင်း ၁၃ပေခန့်အထိမြင့်တက်ခဲ့ပြီး ချင်းတွင်းမြစ်ရေသည် ၂ ရက်အတွင်း ပေ၃၀ ခန့်အထိ မြင့်တက်လာသည်ဟု ဒေသခံများကပြောသည်။
REMALမုန်တိုင်းအရှိန် ကြောင့် မြန်မာနိုင်ငံတွင် မုတ်သုန်လေဆက်လက်အားကောင်းနေသောကြောင့် မေလကုန်အထိ ဒေသအများစု၌မိုးကောင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေဝန်ကြီးဌာန(MOHADM)ကသတိ ပေးထားသည်။
မေလ ၂၇ ရက်မှ ဇွန်လ ၂ရက်အတွင်း ဒေသအများစုမိုးကောင်းနိုင်ပြီး မွန်၊ကရင်၊ရခိုင်၊ချင်းပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းတို့တွင် မိုးကြီးနိုင်ပြီး ရေဘေးနှင့် မြေပြိုမှုဘေးအထူး သတိပြုရန် MOHADMကထုတ်ပြန်ထားသည်။
