သုည/People’s Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်တပ်ရဲ့တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးဖို့နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ ဒီကနေ့ (အောက်တိုဘာ ၂၈)မှာ အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက “Airbus – စစ်ရာဇဝတ်မှုတွေမှာရင်းနှီးမြှုပ်နှံနေတာ အဆုံးသတ်”စတဲ့စာသားတွေ ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်နဲ့ မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးဖို့ တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ Airbus: End investment in AVIC ခေါင်းစဥ်နဲ့ လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်လက်အာက်ကနေ လွတ်မြောက်ဖို့ ပြည်သူလူထုရဲ့ နိုင်ငံရေးအာဏာကိုတည်ဆောက်ပြီး နိုင်ငံရေးအရ အန်တုဆန့်ကျင်ကြဖို့ “လူထုအာဏာ တည်ဆောက်၊ လွတ်မြောက်ရေးအတွက် ဆက်လျှောက်” စတဲ့ ဘန်နာကိုင်ဆွဲချီတက်ခဲ့ကြပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်၊ DDMSC
