close
Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကိုတိုက်ခိုက်နေသည့်”အမြစ် ဖျက်သိမ်းရေး”စစ်ဆင်ရေး ဆောင်ရွက်နေဟု KIOဥက္ကဋ္ဌ အသိပေး

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်သည့်အဖွဲ့အစည်းများနှင့် ဆက်လက်လက်တွဲမည်ဟု ထပ်မံအသိပေး

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (ဓာတ်ပုံ - File)

ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က စစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းနေခြင်းကို ရည်ညွှန်းသည့် “အမြစ်ဖျက်သိမ်းရေး”စစ်ဆင်ရေးဆောင်ရွက်နေကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားသည်။

ယနေ့ (အောက်တိုဘာ ၂၅ရက်) ကျရောက်သည့် KIO တည်ထောင်ခြင်း (၆၄)နှစ်မြောက် မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။

KIO ဗဟိုကော်မတီက “Ru Nu Dan Majan Masing” (ပင်မအမြစ်ဖြတ်စစ်ဆင်ရေး) ဦးဆောင်ကော်မတီဖွဲ့စည်းပြီး ဖော်ဆောင်နေကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားခဲ့ကြောင်း Kachinwavesက ဘာသာပြန် ဖော်ပြသည်။ ပင်မ အမြစ်ဖြတ် စစ်ဆင်ရေး ဆိုသည်မှာ တရားဝင် ဘာသာပြန်ဆိုချက်မဟုတ်ဟုလည်း မှတ်ချက်ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဘာသာပြန် ရှင်းပြပေးရာ၎င်းက “အဲဒီ ရူနူဒန်မဂျန်( Ru Nu Dan Majan) ဆိုတာက အမြစ်ဖြတ်သိမ်းရေးပေါ့ ဗမာလို ပြောလို့ရှိရင်။ ဒါ စစ်အာဏာရှင်ကို တိုက်တဲ့ဟာ ရည်ညွှန်းတာ”ဟု ပြောသည်။

KIO/KIA အနေဖြင့် စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ၂၀၂၃ အောက်တိုဘာ ၁၈ရက်က စတင်ပြီး ကချင်နှင့် ရှမ်းမြောက်၌ တပ်စခန်းသိမ်း တိုက်ပွဲများ ဖော်ဆောင်ခဲ့ရာ ၂၀၂၄ မတ်လ ၇ရက်တွင် စစ်ဆင်ရေးအရှိန်ကို တဆင့်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းများစွာကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ စခန်းသိမ်းတိုက်ပွဲများကို နေရာဒေသ အများအပြား၌ ဖော်ဆောင်ခဲ့သော်လည်း စစ်ဆင်ရေးအမည်ကို အသိပေးပြောကြားခြင်းမရှိဘဲ တစ်နှစ်ခန့်အကြာတွင် KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်း၌ ထည့်သွင်း ပြောပြခဲ့ခြင်းဖြစ်သည်။

KIA အနေဖြင့် တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်း ကြီးငယ် ၂၅၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး မြန်မာ – တရုတ် နယ်စပ်မြို့ ၂မြို့ အပါအဝင် မြို့ပေါင်း ၁၃ မြို့ထက်မနည်းကို KIAက စိုးမိုးထိန်းချုပ်ကာ အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ခိုက်သည့် အဖွဲ့အစည်းများနှင့် ဆက်လက်လက်တွဲမည်ဟုလည်း ထပ်လောင်း အသိပေးပြောကြားထားသည်။

စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးများ ပစ်ခတ်ပြီး အရပ်သား ပြည်သူလူထုများအား တိုက်ခိုက်သတ်ဖြတ်ခဲ့၍ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရသည့် အပေါ် အလွန် ဝမ်းနည်းကြေကွဲရကြောင်း KIO ဥက္ကဋ္ဌက ပြောကြားပြီး အခက်အခဲများကို ကျော်လွှားနိုင်ပါစေကြောင်း ဆန္ဒပြုထားသည်။

လက်ရှိ တော်လှန်ရေးသည် မြန်မာပြည်သူ တစ်ရပ်လုံး ထောက်ခံသည့် တော်လှန်ရေးဖြစ်၍ စစ်အာဏာရှင် ကျရှုံးမည်မှာ သေချာကြောင်း၊ ထို့ကြောင့် KIO ဝန်ထမ်းများန ပြည်သူများ အပါအဝင် အားလုံးက နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်ရေး ကြိုးပမ်းရန် KIO ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့တွင် ဆန္ဒပြလူငယ်များ မတရားဖမ်းဆီးခံရမှုများရှိနေ‌သော်လည်း ရန်ကုန်မြို့ရှိ သပိတ်အဖွဲ့ လေးဖွဲ့က "ကျွတ်မနေနဲ့ ကြုံး " ဘန်နာချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၂၃) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၂၀) မှာလည်း အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဒီကနေ့ (စက်တင်ဘာ ၁၉)မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ပါတယ်။