ရောင်နီ/People’s Spring
ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ရန် ဖြေဆိုရသည့် EPS TOPIK ကုန်ထုတ်ပထမအသုတ်စာမေးပွဲ၏ အောင်မှတ်ကို စံချိန်တင် အမှတ် ၉၇.၅ ဖြင့် ဖြတ်လိုက်ကြောင်း Human Resources Development Service of Korea -HRDK က အောက်တိုဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၄၈,၀၀၀ဦး ရှိပြီး ၅,၅၄၀ဦးအောင်မြင်ခဲ့ကာ စာမေးပွဲအောင်သူများသည် Skilltestကိုလည်း ဆက်လက်ဖြေဆိုရမည် ဖြစ်သည်။

Public Service Announcement
“ကုန်ထုတ် ပထမအသုတ် ဖြတ်မှတ်က 97.5 တဲ့။ ဒီစနစ်ကိုက လူဦးရေအပေါ်မူတည်ပြီး ဖြတ်မှတ်သတ်မှတ်တာမို့ အပြစ်ပြောမရပြန်ဘူး။ POEA က Final တင်တာကိုသာစောင့်ကြည့်ပြီး ဝမ်းနည်းရမယ်ဆိုလည်း တစ်ရက်ပဲငိုကြွေးပြီး ရှေ့ဆက်သွားမယ့် အစီစဉ်ကိုသာချမှတ်ပါ။”ဟု ထိပ်တန်း ကိုရီးယားဘာသာစကားသင်တန်းက ရေးသားထားသည်။
EPS TOPIK ကုန်ထုတ်စာမေးပွဲတွင် တစ်ပုဒ်လျှင် ၂.၅မှတ် သတ်မှတ်ထားသည့်မေးခွန်း ၄၀ဖြေဆိုရပြီး ယခုနှစ်အောင်မှတ်သည် တစ်ပုဒ်မှားသည့် သူများသာအောင်မြင်ခြင်းဖြစ်သည်။
အောင်စာရင်းနှင့်ပတ်သက်၍ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ အောက်တိုဘာ ၂၂ ရက် ညအထိကြေညာထားခြင်းမရှိသောကြောင့် ဖြတ်မှတ်မြင့်မားသည့် အပေါ် POEAဘက်မှ ညှိုနှိုင်းမှုပြုလုပ်ပေးသင့်ကြောင်း ယင်းစာမေးပွဲဖြေဆိုသူများက တောင်းဆိုထားသည်။
EPS TOPIK ကုန်ထုတ်စာမေးပွဲသည် ဘာသာစကားအတွက်ရွေးချယ်ခြင်းမဟုတ်ပဲ အလုပ်လုပ်ကိုင်သူများအတွက်ရွေးချယ်သည့်စာမေးပွဲဖြစ်သောကြောင့် ရမှတ်သတ်မှတ်ချက်ကို မြှင့်ထားခြင်းသည် မဖြစ်သင့်ကြောင်း ယခုနှစ်စာမေးပွဲဖြေဆိုသူတစ်ဦးက ပြောသည်။
“ဒီအမှတ်ဖြတ်စနစ်နဲ့က တကယ်အလုပ်လုပ်နိုင်တဲ့သူရော မွေးထုတ်ပေးနိုင်ပါ့မလား။ အမှတ်ကောင်းတဲ့သူတွေကို တိုက်ခိုက်လိုချင်းမဟုတ်ပါဘူးဗျ ။စာတော်တဲ့သူအတွက်ပဲမဟုတ်ပဲနဲ့ အလုပ်လုပ်နိုင်ဒဏ်ခံနိုင်တဲ့ လူငယ်တွေအတွက်လဲ အခွင့်ရေးရှိစေချင်တာပါ ဟိုမှာအလုပ်လုပ်ရတာလဲပန်းခင်းလမ်းမဟုတ်ဘူးကြားသိရပါတယ်”ဟု စာမေးပွဲဖြေဆိုခဲ့သူတစ်ဦးက မေးခွန်းထုတ်ထားသည်။
ယင်းစာမေးပွဲဖြေဆိုရန်အတွက် ဖြေဆိုမည့်သူများသည် ဘာသာစကားအတွက် တစ်နှစ်ခန့်အချိန်ယူပြင်ဆင်ရပြီး စာမေးပွဲဖြေရန်အတွက်လည်း ဝင်ကြေးသွင်းရသောကြောင့် မအောင်မြင်သည့် ကျောင်းသားများအတွက် ဆုံးရှုံးနစ်နာမှုကြီးမားသည်ဟု ဆိုသည်။
“အချိန်တွေ အများကြီး ပေးခဲ့ပြီး ကြားကာလထဲ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်ခဲ့ရတယ်။ကိုယ်တိုင်ကလည်း အများကြီး ကြိုးစားခဲ့တယ် ဒီလမ်းကို့ လျှောက်လမ်းဖို့အတွက် ဆုံးရှုံးမှုတွေ ပျော်ရွင်မှုတွေက ပေးဆပ်ခဲ့ရသေးတယ်။95 မှတ်မှတောင် ဖြတ်မှတ်မှ မပါလာမှတော့ ကိုယ့်အမှတ်ကို ကိုယ့် အရမ်းနှမျောမိတယ် ရင်ထဲမှာ ဟာတာတာနဲ့ ခံစားရခက်တယ် “ဟု ယင်းစာမေးပွဲတွင် ၉၅ မှတ်ရရှိသူတစ်ဦးကရင်ဖွင့်သည်။
EPS TOPIKကုန်ထုတ် ဒုတိယအသုတ်စာမေးပွဲကို ၂၀၂၅ နှစ်ဆန်းပိုင်း၌ ဖြေဆိုရမည်ဟု ကြေညာထားသည်။
