မိုးမိုး/People’s Spring
ကရင်၊ မွန်နှင့် ပဲခူးဒေသများပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသနယ်မြေတစ်ပတ်အတွင်း ပြည်သူ ၈၈ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့ပြီး အချို့မှာ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေသည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန်အပါအဝင် မတရား ဖမ်းဆီးမှု အခြေအနေများ၊ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးမှု အခြေအနေများကို တောင်ပိုင်းစစ်ဒေသကအပတ်စဉ် ထုတ်ပြန်လျက်ရှိရာ ပြီးခဲ့သည့် တစ်ပတ်တာ အတွင်း အခြေအနေကို ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ဖမ်းဆီးခံရသည့် ဒေသနှင့်ဖမ်းဆီးခံရမှု အခြေအနေ အသေးစိတ် အချက်အလက်များ ထုတ်ပြန်ချက်တွင် ဖော်ပြမထားဘဲ စစ်ကောင်စီ၏ဒရုန်းဗုံးသီးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တပတ်အတွင်း အပြစ်မဲ့ပြည်သူ၂ဦး သေဆုံးခဲ့ရပြီး၊ ၉ ဦးဒဏ်ရာရရှိခဲ့မှု၊နေအိမ် ၁၄ လုံးပျက်စီးကာ ပြည်သူ ၈၈ဦးမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာလာသည်နှင့်အမျှ အပြစ်မဲ့ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်အနိုင်ကျင့်ကာ နေ့စဉ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိသည် ဟုလည်း တောင်ပိုင်းစစ်ဒေသက ဖော်ပြခဲ့ပြီး ယခုထုတ်ပြန်သည့် အရေအတွက် များသည် ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်၍ လက်တွေ့မြေပြင်တွင် အရေအတွက် ပိုများနိုင်သည်ဟု အသိပေးသည်။
စက်တင်ဘာအတွင်းကလည်း တောင်ပိုင်း စစ်ဒေသနယ်မြေများ၌ စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန် အပါအဝင် ပြည်သူများကိုဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူဦးရေ၂၉၃ ဦး မတရား ဖမ်းဆီးခံခဲ့ရဟုတောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။ စစ်ကောင်စီအနေဖြင့် စစ်မှုမထမ်းမနေရ ဥပဒေများ ထုတ်ပြန်ပြီး ပြည်သူလူထုများ အထူးသဖြင့် လူငယ်များကို အဓမ္မလူသစ်စုဆောင်းနေခြင်း၊ ဖမ်းဆီးပြီး ငွေကြေးဖြင့်ပြန်အရွေးခိုင်းခြင်းများကို နိုင်ငံအနံ့၌ ပြုလုပ်လျက်ရှိသည်။
