ဇန်နဝါရီ-၁၇၊၂၀၂၆။နေ့သစ်/People’s Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပန်းရွာက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အခွန်ဂိတ်ကို ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်(BNRA)က သေနတ်ပစ်ခတ်စီးနင်းပြီး ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တာဝန်ခံ တစ်ဦး ဖမ်းဆီးကာ လက်နက်တွေနဲ့ အခွန်ငွေတွေ သိမ်းယူသွားတာတွေဟာ ဆိုးရွာတဲ့လုပ်ရပ်ဖြစ်ကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက ပြောပါတယ်။
ဇန်နဝါရီ ၉ရက်က ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ကျေးရွာက BNRAဂိတ် ၂ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဝင်ရောက်စီးနင်းပြီး ဂိတ်ပိတ်သိမ်းလိုက်ပြီး တပတ်ကျော်အကြာ ဒီကနေ့ ဇန်န၀ါရီ ၁၇ရက်မှာ BNRA တပ်ဖွဲ့ဝင်တွေက NUG ဂိတ်ကို အခုလိုစီးနင်းခဲ့တာပါ။
“သေနတ်အချက် ၂၀လောက် ပစ်တာပြောတယ်။ ရဲဘော် တစ်ယောက် ခြေထောက်ထိတယ်လို့ ကြားရတယ်။ သေချာတော့ စစ်ဆေးနေတုန်း မေးနေတုန်းပါ။ပလဖ တစ်ယောက်လည်း ဖမ်းသွားတယ်လို့ ကြားတယ်”လို့ ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။ ဖမ်းဆီးခံရတာဟာ ဂိတ်က ပလဖ တာဝန်ခံဖြစ်ပြီး ပစ္စတို ၁လက်နဲ့ အရှည် ၃လက်အပြင် အခွန်ငွေတွေကိုလည်း BNRAကယူဆောင်သွားတယ်လို့ ဆိုပါတယ်။

Public Service Announcement
ဗိုလ်နဂါးတပ်က သေနတ်နဲ့ပစ်ခတ်စီးနင်းမှုအတွင်း ပလဖ ရဲဘော်တစ်ဦး ဒဏ်ရာရကာ ဖမ်းဆီးခံရတဲ့သူ ပြန်လွတ်မြောက်ရေး လုပ်ဆောင်ရမယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။
“နောက်တခုက သူ့လုပ်ရပ်အတွက် တာဝန်ယူရမှာပေါ့။” လို့ ဒုဝန်ကြီးက ပြောကြားပြီး BNRA ဖမ်းသွားတာဟာ ပြည်သူ့ ဝန်ထမ်းဖြစ်နေတာမို့ ကျူးလွန်သူတွေ တာဝန်ယူရမယ်လို့ အသိပေးပါတယ်။
အခု NUG ဂိတ်ကိုစီးနင်းခံရတာနဲ့ပတ်သက်ပြီး ဗိုလ်နဂါးကို People’s Spring ကဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။ဒါပေမယ့် ဗိုလ်နဂါးက ဖမ်းဆီးထားသူကိုပြန်လွှတ်ပေးလိုက်ပြီလို့ မီဒီယာအချို့ကိုဖြေကြားထားတာတွေ့ရပါတယ် ။
ဗိုလ်နဂါးရဲ့ဖေစ်ဘွခ်မှာ ဇန်နဝါရီ ၁၇ ရက်ညနေမှာ
“ မြေပြင်မှာက ရဲဘော်လေးဦးလောက်နဲ့ ဖြစ်တဲ့ကိစ္စပါ။သက်ဆိုင်ရာတာဝန်ရှိသူတွေ ဖြေရှင်းနေပါတယ်။BNRA ဟာပြဿနာတိုင်းအတွက် တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့သွားတာဖြစ်လိူ့ ပြည်သူအများစိတ်မပူကြဖို့ ပြောလိုပါတယ်။” လို့ရေးသားခဲ့ပါတယ် ။
ဇန်နဝါရီ ၉ ရက်မနက်ပိုင်းမှာ PDFတွေက ပုလဲမြို့နယ် ပုပ္ပါးရွာနဲ့ ချင်ပစ်ရွာမှာဂိတ် ဖွင့်လှစ်ထားတဲ့ BNRA ရဲ့ဂိတ် ၂ ခုကို ဝင်ရောက်စီးနင်းပြီး ပိတ်သိမ်းခဲ့ပါတယ်။ BNRA ကတရားမဝင် ဂိတ်တွေဖွင့်ပြီး ခရီးသွားပြည်သူတွေဆီက ငွေတောင်းနေတာကို တိုင်ကြားလို့ ဖမ်းဆီးခဲ့တာလို့တာဝန်ရှိသူတွေကပြောခဲ့ပါတယ် ။
BNRA ရဲ့ဂိတ်ကို PDF တွေစီးနင်းပြီး ၈ ရက်အကြာမှာ BNRA က NUG အခွန်ဂိတ်ကိုစီးနင်းပစ်ခတ်တာဖြစ်ပါတယ် ။ဒါပေမယ့် PDF တွေက BNRA ဂိတ်ကိုစီးနင်းစဥ် ပစ်ခတ်တာမရှိပဲ ထိခိုက်သူလည်းမရှိခဲ့ဘူးလို့သိရပါတယ် ။ သိမ်းဆည်းခံရတဲ့လက်နက်တွေထဲက စက်လက် ၁ လက်ပြန်မရသေးပဲ ကျန်လက်နက်တွေပြန်ရပြီလို့ ဗိုလ်နဂါးက ပြောခဲ့ပါတယ်။
ဒါ့အပြင် စီးနင်းခံရပြီး ရက်ပိုင်းအကြာမှာ ဂိတ် ၂ ခုကိုBNRA ကပြန်ဖွင့်ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ် ။BNRA ကအဲဒီ နှစ်ဂိတ်ကို ၂၀၂၅ ဒီဇင်ဘာလမှာ စဖွင့်လာတာလို့ဒေသခံအချို့ကပြောပါတယ်။ဂိတ်ဖွင့်ပြီးရက်ပိုင်းအတွင်းပြသာနာစတက်ခဲ့တာဖြစ်ပါတယ်။
ယင်းမာပင်ခရိုင်အတွင်းမှာ တရားမဝင်ဖွင့်ထားတဲ့ တော်လှန်ရေးတပ်အမည်ခံ စစ်ဆေးရေးဂိတ်တွေကို ၂၀၂၄ကစပြီး PDFခရိုင်တပ်ရင်းတွေက ဖမ်းဆီးပိတ်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။
BNRA ခေါင်းဆောင် ဗိုလ်နဂါးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတချို့က တိုက်ခိုက်ဖို့ပြင်နေပြီး တိုက်ခိုက်လာပါက အဆုံးစွန်ထိတုံ့ပြန်မယ်လို့ ဂိတ် ၂ ခုစီးနင်းခံရမီမတိုင်ခင်တစ်ရက်ဖြစ်တဲ့ဇန်နဝါရီ ၈ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
NUG ရဲ့ PDF တပ်ရင်းတွေ ၊ပကဖ ၊ပလဖ ၊အထူးလှုပ်ရှားတပ်ရင်းတွေဟာ ၂၀၂၅ နှစ်ကုန်မှစ၍ ယခုအချိန်အထိ စစ်တပ်စခန်းများ ၊စစ်တပ်စစ်ကြောင်းများ ၊ရဲစခန်းများ ၊တပ်ရင်းများကို အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ် ။နိုင်ငံတစ်ဝန်းမှာ ရန်ကုန်တိုင်းမှအပ ကျန်တိုင်းအားလုံးနီးပါးမှာစစ်ဆင်ရေးတွေပြုလုပ်ခဲ့ပြီး ခန့်မှန်ခြေ မြို့နယ်ပေါင်း ၅၀ ကျော်တွင်စစ်တပ်စခန်းတွေ၊စစ်ကြောင်းတွေကိုတိုက်ခိုက်ခဲ့ ၊တိုက်ခိုက်နေတယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောပါတယ် ။ နိုင်ငံတစ်ဝန်ဒေသအများစုမှာ စစ်ဆင်ရေးတွေပြုလုပ်နေပေမယ့် ပုလဲမြို့နယ်မှာ ဗိုလ်နဂါးရဲ့ BNRA နဲ့အခုလိုပွတ်တိုက်မှုတွေဖြစ်နေတာလည်းဖြစ်ပါတယ်။

















































