နေခန့်/People’s Spring
မန္တလေးမြို့မှာစစ်တပ်ရဲ့ရွေးကောက်ပွဲအပိုင်း (၁ ) ကို ချမ်းအေးသာစံမြို့နယ်နဲ့ အောင်မြေသာဇံမြို့နယ်နှစ်ခုမှာ ပြုလုပ်နေပါတယ်။ မြို့နယ်နှစ်ခုလုံးဟာ မန္တလေးမြို့ရဲ့အဓိကကျတဲ့မြို့လယ်ပိုင်းတွေဖြစ်ပါတယ်။ အောင်မြေသာဇံကတော့ စစ်ကောင်စီတပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်တဲ့ မြို့နယ်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မန္တလေးက ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်လို့ မြို့ခံတွေကို ဆက်သွယ်မေးမြန်းကြည့်ခဲ့ရာမှာတော့…
●မဲရုံမဖွင့်မီ နာရီပိုင်းအလို ပေါက်ကွဲသံတွေ အုန်းအုန်းထခဲ့တဲ့ မန္တလေး
မဲရုံမဖွင့်မီ နာရီပိုင်းအလို မနက် ၁ နာရီလောက်မှာ မန္တလေးမြို့တဝိုက် ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။ အောင်မြေသာဇံမြို့နယ်ထဲက ညောင်ကွဲရပ်မှာ လူနေအိမ်ပေါ် ရှော့တိုက်ဒုန်းကျပြီး လူနှစ်ဦး ဒဏ်ရာရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

Public Service Announcement
●ခြောက်ကပ်သွားတဲ့ မန္တလေး
စစ်ကောင်စီရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပဲ မန္တလေးမြို့က လမ်းမပေါ်တွေမှာ မနက်ကတည်းက လူသွားလူလာ ကင်းရှင်းနေခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ “ စျေးထဲလည်းလူမရှိဘူး။ ခြောက်ကပ်နေတယ်။” လို့ မန္တလေး စျေးချိုက ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲနေ့မတိုင်မီညကတည်းက ပေါက်ကွဲသံတွေ ထွက်ခဲ့တဲ့အတွက် ဒီမနက် အသွားအလာနည်းပါးကုန်တာဖြစ်နိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။ “ ကျောက်ဝိုင်းထဲလည်း လူသိပ်မရှိဘူး” လို့ ကျောက်သမားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စျေးတွေမှာလည်း ကုန်စိမ်းစျေးသည်တွေကအစ လာရောက်ရောင်းချတာ နည်းပါးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ မဲပေးရမယ့်နေ့ဆိုလို့ အတော်များများ မလာကြဘူး” လို့ စစ်ကိုင်းမြို့ကနေ မန္တလေးကို စျေးလာရောင်းတဲ့ စျေးသည်တစ်ဦးက ပြောပါတယ်။
မန္တလေးမြို့လမ်းမအများစုမှာ ဒီနေ့မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာ လူသွားလူလာနည်းပြီး ခြောက်ကပ်နေပါတယ် ။ဒါကြောင့် မြို့နေရာအချို့မှာဒီဇင်ဘာ ၁၀ ရက်ကအသံတိတ်သပိတ်ဆင်နွဲခဲ့ကြတဲ့ အခြေအနေနဲ့တောင်ခပ်ဆင်ဆင်တူနေပါတယ်။
“ ဒီနေ့လမ်းတွေပေါ်မှာ လူတွေကိုရှင်းနေတာပဲ” လို့ စစ်တပ်ရွေးကောက်ပွဲနေ့မြင်ကွင်းကိုမြို့ခံတဦးကပြောပါတယ်။
●မဲရုံတဝိုက် လမ်းတွေပိတ်ထားပြီး လုံခြုံရေးတင်းကျပ်ထား
စစ်ကောင်စီဟာ ၎င်းတို့ရဲ့ရွေးကောက်ပွဲမဲရုံတွေကို ကျောင်းတွေ၊ ဓမ္မာရုံတွေမှာ လုပ်ထားခဲ့ပြီး မဲရုံတဝိုက်ကို ကြိုးတွေနဲ့တားကာ လမ်းပိတ်ထားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ မဲရုံအနီးတဝိုက်မှာလည်း ရဲတွေ၊ အပြာဝတ် ပျူစောထီးတွေက စောင့်ကြပ်နေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ မဲရုံအနီးတဝိုက်က ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။
●ကြိတ်ကြိတ်တိုးစည်ကားတာမျိုး မရှိတဲ့ မဲရုံတွေ၂၀၁၅၊ ၂၀၂၀ရွေးကောက်ပွဲတွေမှာတော့ မဲရုံမဖွင့်မီ မနက် ၅ နာရီလောက်ကတည်းက မဲပေးဖို့ ကြိုတင်စောင့်ဆိုင်းသူတွေ ရှိခဲ့ပါတယ်။ ဒီကနေ့ စစ်တပ်ရဲ့ရွေးကောက်ပွဲမှာတော့ အဲဒီလိုစောင့်ဆိုင်းတာမျိုးတွေ မမြင်တွေ့ရတော့ဘူးလို့ မြို့ခံတွေ ပြောပါတယ်။
မနက်ခင်း မဲရုံဖွင့်ချိန်မှာလည်း ကြိတ်ကြိတ်တိုးစည်ကားတာမျိုး မရှိဘဲအကြောက်တရားကြောင့် လာပေးကြတဲ့သူတွေသာများနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မဲရုံ လေးရုံကိုသွားကြည့်တာမှာ နှစ်ရုံမှာလူမရှိပဲ နှစ်ရုံမှာပဲ မဲပေးမယ့်သူ တွေ လေးဆယ်၊ငါးဆယ်ဝန်းကျင်တန်းစီနေတာတွေ့ရပါတယ်။ရန်မျိုးလုံရပ်ကွက်ထဲကမဲရုံတစ်ရုံ နဲ့ ၃၆ လမ်းက မဲရုံမှာလည်းမဲပေးသူမတွေ့ခဲ့ရဘူးလို့ ဒေသခံအချို့ကပြောပါတယ်။
●ရွေးကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုးနဲ့အာဏာလုသူတွေလုပ်တဲ့ ပွဲ
၂၀၂၀ ရွေးကောက်ပွဲမှာပြည်သူ ၃၇ ကျော်မဲပေးပြီး တခဲနက်အနိုင်ရရှိထားတဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ကြား၊နယ်မြေအများအပြားဆုံးရှုံးထားတဲ့ကြားကရွေးကောက်ပွဲလုပ်နေတာဖြစ်ပါတယ်။အာဏာသိမ်း စစ်တပ်တရားဝင်မှုရဖို့နဲ့ အာဏာရေရှည်ဆုပ်ကိုင်နိုင်ဖို့လုပ်တဲ့ရွေးကောက်ပွဲကို ဆန်ကျင်ကြဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။
ဒါအပြင်တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်တပ်ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး ။စစ်တပ်က ရွေးကောက်ပွဲကိုအပိုင်း ၃ ပိုင်းခွဲလုပ်မယ်လို့ပြောထားပြီး ဒီဇင်ဘာ၂၈ မှာလုပ်တဲ့ အပိုင်း တစ်မှာ ၁၀၂ မြို့နယ် ၊ ၂၀၂၆ ဇန်နဝါရီမှာလုပ်မယ့်အပိုင်း နှစ်မှာမြို့နယ် ၁၀၀ ၊ ဇန်နဝါရီ ၂၅ မှာလုပ်မယ့်အပိုင်း သုံးမှာ ၆၃ မြို့နယ်လုပ်မယ်လို့ဆိုပါတယ်။ဒါကြောင့် မြို့နယ် ၆၅ မြို့နယ်မှာရွေးကောက်ပွဲမလုပ်နိုင်ပါဘူး ။အဲဒီမြို့နယ်တွေဟာတော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွဖြစ်ပါတယ်။
စစ်တပ်ရွေးကောက်ပွဲအပိုင်း ၃ လုပ်မယ့်ကြေညာထားတဲ့ အထဲကချင်ပြည်နယ်က မံစီ၊မိုးမောက်မြို့တွေလည်းပါဝင်နေပြီး အဲဒီမြို့နယ်တွေဟာKIA ကသိမ်းပိုက်ထိန်းချုပ်ထားလို့ စစ်တပ်တောင်မြို့ထဲမရှိတဲ့မြို့ဖြစ်နေပါတယ်။ ဒါအပြင် အပိုင်း (၁)၊(၂)လုပ်မယ်ဆိုတဲ့ မြို့နယ် ၂၀၂ မြို့နယ်ထဲမှာတောင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ရပ်ကွက်ပေါင်း ၁၆၁ ရပ်ကွက် နဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ ရှိပါတယ်။ အပိုင်း ၃ မှာမလုပ်နိုင်မယ့် ရပ်ကွက်နဲ့ ရွာအုပ်စုဘယ်လောက်ထပ်တိုးလာမယ်ဆိုတာမသိရသေးပါဘူး။ဒီအခြေအနေတွေကြောင့် စစ်တပ်ရွေးကောက်ပွဲဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့နှိုင်းယှဥ်ရင်မဲရုံပေါင်း ၁၈၀၀၀ ကျော်လျော့နည်းသွားတယ်လို့စစ်တပ်ခန့်ရွေးကော်ဥက္ကဌကမီဒီယာတွေကိုပြောထားပါတယ် ။
ဒါအပြင် ကချင်ပြည်နယ်ဗန်းမော် ကရင်ပြည်နယ်ကဖားပွန် ၊မကွေးတိုင်းက ဆင်ဖြူကျွန်း ၊စလင်းစတဲ့ဒေသတွေကိုပါရွေးကောက်ပွဲလုပ်မယ်လို့ စစ်တပ်ကဆိုနေတာဖြစ်ပါတယ်။
●အကြောက်တရားကြောင့် မဲပေးခဲ့ရတဲ့ ပြည်သူများ
စစ်ကောင်စီရွေးကောက်ပွဲကို မဲပေးတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ မဲပေးခဲ့သူ အများစုကတော့ စစ်ကောင်စီရဲ့ အငြှိုးထားရန်ရှာမှာကို ကြောက်လို့ စိုးရိမ်လို့ မဲပေးခဲ့ရတဲ့အကြောင်း ရင်ဖွင့်ခဲ့ကြပါတယ်။
“ စာရွက်ကြီးနဲ့ရောက်လာတာ။ မပေးချင်လည်းမရဘူး။ ဘာတက်နိုင်မှာလဲ။” လို့ ချမ်းအေးသာစံမြို့နယ်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။ သူတော့ စစ်တပ်ရဲ့ ကြံ့ဖွံပါတီကိုမဲမပေးဘဲ ပြည်သူ့ပါတီကို မဲပေးခဲ့တယ်လို့ ဆိုပါတယ်။
ချမ်းအေးသာစံမြို့နယ်က အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကတော့ ရွေးကောက်ပွဲနေ့ကျော်လွန်မှ လာဖမ်းမှာစိုးရိမ်လို့ နေ့ခင်းပိုင်းမဲသွားပေးမယ်လို့ ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ “ သွားပေးခဲ့တယ်။ မပေးလည်းကြောက်ရတယ်လေ။နှိပ်ချင်ရာနှိပ်ပစ်ခဲ့တာပါ။ မဟုတ်လည်းသူတို့(စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့)ရမှာပဲ။” လို့ ပြောပြပါတယ်။
●မဲမပေးသူတွေလည်း အများအပြားရှိနေ
စစ်ကောင်စီလက်အောက်မှာ နေထိုင်နေရပေမဲ့ စစ်တပ်ရဲ့ရွေးကောက်ပွဲကို မဲမပေးသူတွေလည်း အများအပြား ရှိနေပါတယ်။
“ သွားမပေးပါဘူး။ကျနော်တို့ကတော်လှန်ရေးစိတ်ရှိတယ်။ ပေးတဲ့သူတွေကိုလည်း အပြစ်မပြောပါဘူး။ အကြောက်တရားနဲ့ဆိုတော့။” လို့ အောင်မြေသာဇံမြို့နယ်နေအသက်၄၀ကျော်အရွယ် မဲဆန္ဒရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။



















































