သော်မွန်/People’s Spring
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလိုက်ချိန်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ပြောဆိုခဲ့တာရှိပါတယ်။
“မြန်မာနိုင်ငံမှာဒီမိုကရေစီဖြိုဖျက်ခံရတာကို တားဆီးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အတူတကွ တသံတည်းထုတ်ပြောကြရပါမယ်။ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်” လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောဆိုခဲ့တာပါ။
မြန်မာပြည်သူလူထုအများရဲ့ ထောက်ခံဆန္ဒမဲတွေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီ အနိုင်ရပြီး အစိုးရသစ်ထပ်ဖွဲ့ဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်တပ်က ရွေးကောက်ပွဲမဲသမာမှုကျူးလွန်တယ်ဆိုတဲ့ တဖက်သတ်စွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအာဏာသိမ်းစစ်တပ်က ဒီသီတင်းပတ်ကုန် (ဒီဇင်ဘာ ၂၈ရက်)မှာရွေးကောက်ပွဲကျင်းပတော့မှာပါ။

Public Service Announcement
စစ်တပ်ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ နှစ်လခန့်အလိုမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အဲဒီရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတမယ်လို့ဘယ်သူကမျှ ယုံကြည်တယ်လို့မထင်ကြောင်းပြောဆိုခဲ့ပါတယ်။ အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ-ကုလသမဂ္ဂထိပ်သီးဆွေးနွေးပွဲအ
ပြီး သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။
“ဒီရွေးကောက်ပွဲတွေက မြန်မာပြည်ပြဿနာတွေရဲ့အဖြေကို ထုတ်ပေးနိုင်လိမ့်မယ်လို့လည်း ဘယ်သူကမျှ ယုံကြည်တယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒီအချိန်က လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ့်အချိန်၊ တချိန်တည်းမှာ အရပ်သားအုပ်ချုပ်မှုဆီဦးတည်တဲ့ နိုင်ငံရေးဆိုင်ရာဆင့်ကဲပြောင်းလဲမှုနဲ့ အခြေခံဥပဒေနဲ့အညီဖွဲ့စည်းတဲ့အစိုးရကို လေးစားဖို့ လမ်းခင်းပေးရမယ့်အချိန်ဖြစ်ပါတယ်”လို့ မစ္စတာအန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်။
စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့(ဒီဇင်ဘာ ၁၀ရက်)မှာ သဘောထားရပ်တည်ချက်တွေ အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဒီဇင်ဘာ ၁၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာပိုမိုဆိုးရွားတဲ့တင်းမာမှု၊မတည်ငြိမ်မှု၊ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့ ဗြိတိန်၊ သြစတြေးလျ နှစ်နိုင်ငံစလုံးက သတိပေးပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ နဲ့ အညီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်းလွှတ်ပေးဖို့လည်း ဗြိတိန်ကတောင်းဆိုပါတယ်။သြစတြေးလျအစိုးရကလည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုထင်ဟပ်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရဆီငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းဖို့ ဆက်လက်တိုက်တွန်းပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့လူ့အခွင့်အရေးအလွဲသုံးစားပြုမှုတွေနဲ့ ချိုးဖောက်မှုတွေကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေခြင်းကို ရှုတ်ချပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အရပ်သားပြည်သူတွေကို ဆက်လက်တိုက်ခိုက်နေခြင်းအပေါ် များစွာစိုးရိမ်တယ်လို့ သြစတြေးလျက ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာပဲ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ဟာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူမယ်ဆိုတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် လရဲ့သုံးပတ်တာ(ဒီဇင်ဘာ၁ရက်ကနေ၂၁ရက်အထိ) နေ့စဥ် ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းမှာအရပ်သားပြည်သူအနည်းဆုံး ၁၃၆ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၈၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အကြိမ်အရေအတွက်အများဆုံးက စစ်ကိုင်းတိုင်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံးကတော့ ရခိုင်ပြည်နယ် ဖြစ်တာတွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဆေးရုံကိုပါ မချန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ သံဃာတော်၊ လသားအရွယ် ကလေးငယ်၊ အမျိုးသမီး၊ CDM ဆရာဝန်၊ စစ်ရှောင်သက်ကြီးရွယ်အိုတွေအထိ ပါဝင်ခဲ့ပါတယ်။ အဲဒီစာရင်းဟာ People’s Spring က လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ပိုမိုများပြားနိုင်ပါတယ်။
အဲဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်လုပ်ဆောင်နေမှုတွေဟာ လူထုယုံကြည်မှု မတည်ဆောက်နိုင်သလို မြန်မာနိုင်ငံက ပါဝင်ကတိပြုထားတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဥရောပသမဂ္ဂ(EU)အဆင့်မြင့်ကိုယ်စားလှယ်က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။EUဟာ စစ်ကောင်
စီ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဥ်တွေကို အနီးကပ်စောင့်ကြည့်နေပြီးလက်ရှိအခြေအနေအရ လွတ်လပ်၊တရားမျှတတဲ့ ရွေးကောက်ပွဲတွေအတွက် မရှိမဖြစ် လိုအပ်တဲ့၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ယုံကြည်ရလောက်သော ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်သော လုပ်ငန်းစဥ်တွေ တည်ရှိမနေဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲတွေဟာ စစ်ကောင်စီအတွက် တရားဝင်ဖြစ်တည်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ချက်တွေနဲ့သာ ပြုလုပ်တာ ထင်ရှားနေတယ်လို့ EU အဆင့်မြင့်ကိုယ်စားလှယ်က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၀ရက်မှာပဲ ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ လာမယ့် ရွေးကောက်ပွဲတွေနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေတွေအပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်မိတယ်လို့ ထုတ်ပြန်ပါတယ်။ လက်ရှိအခြေအနေတွေဟာ လွတ်လပ်၊ တရားမျှတပြီး အားလုံးပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ်အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆွစ်ဇာလန်က ကြေညာပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးကလည်း စစ်ကောင်စီ စီစဥ်နေတဲ့ လာမယ့်ရွေးကောက်ပွဲတွေဟာ မလွတ်လပ်၊မမျှတ ဒါမှမဟုတ် အားလုံးပါဝင်ခွင့်မရမှာကို အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ အဲဒါတွေက ပြည်တွင်း၊ အခြားအာဆီယံနိုင်ငံတွေနဲ့ အင်ဒို-ပစိဖိတ်ဒေသပြင်ပအထိမတည်ငြိမ်မှု ပိုမိုဖြစ်ပေါ်စေလိမ့်မယ်လို့ ဒီဇင်ဘာ ၁၀ရက်မှာ ထုတ်ပြန်သတိပေးပါတယ်။
နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီးလည်းလက်ရှိအခြေအနေအောက်က ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်ပါတယ်။ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲအတွက် အဓိပ္ပာယ်ရှိတဲ့ လုပ်ဆောင်မှု မရှိဘဲ၊လူ့အခွင့်အရေးတွေကို မလေးစားဘဲ အခြေအနေကပိုမိုဆိုးရွားနိုင်တယ်လို့ နော်ဝေးနိုင်ငံခြားရေး ဒုဝန်ကြီးက သတိပေးပါတယ်။
စစ်တပ်ရွေးကောက်ပွဲကျင်းပဖို့ တစ်လခန့်အလို နိုဝင်ဘာ ၂၇ရက်မှာ ဥရောပပါလီမန်က မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲတွေကို ငြင်းပယ်ပြီး တရားဝင်မှုမရှိတဲ့ရွေးကောက်ပွဲတွေအဖြစ်သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
နိုင်ငံတကာအသိအမှတ်ပြုမှုရယူဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီရဲ့အဲဒီတရားမဝင်ရွေးကောက်ပွဲ ရလဒ်တွေကိုလည်း ရှုတ်ချကြောင်း ဥရောပပါလီမန်က ဖော်ပြပါတယ်။
ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဖြစ်လာဖို့ ရာနှုန်းပြည့်နီးပါးသေချာနေပြီး စစ်တပ်ကျောထောက်နောက်ခံပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအများစုရွေးကောက်ပွဲနိုင်ကာ လွှတ်တော်ထဲ ရောက်ရှိလာကြမှလို့ နိုင်ငံရေးအကဲခတ်တွေက ကြိုတင်ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် အာဏာသိမ်းခေါင်းဆောင်ဟာ တပ်ချုပ်ရာထူးကို သူ့လူတွေကိုမယုံလို့မပေးချင်ရင်တော့ ဟန်ပြ သမ္မတ တယောက်ထားပြီးသူက တပ်ချုပ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူး သမ္မတအထက်မှာနေတာမျိုးလည်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့ကပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့ စစ်ဗိုလ်ချုပ်ဟောင်းအများစုက ရွေးကောက်ပွဲ မပြိုင်ခင်ကတည်းက နိုင်နှင့်ပြီး ဖြစ်သလို ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် နိုင်ငံ ၂၇ ရဲ့ ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ ဥရောပပါလီမန်ကလည်း အဲဒီရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲရလဒ်တွေကိုပါ ကန့်ကွက်ရှုတ်ချခဲ့တာဖြစ်ပါတယ်။
ဥရောပပါလီမန်ဟာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေးတို့ကို တောင်းဆိုပါတယ်။ လက်ရှိအခြေအနေကတော့ အကြောက်တရားတွေနဲ့ ဖိနှိပ်မှုတွေအောက်ကနေကျင်းပမယ့် ဘယ်လိုရွေးကောက်ပွဲမဆို လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ဥရောပပါလီမန်က အလေးပေး ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက် တရားမဝင် အုပ်ချုပ်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ဥရောပပါလီမန်က ကြေညာပါတယ်။
စစ်တပ်အနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ အရပ်သားအစိုးရကို ချက်ချင်း ပြန်လည်အာဏာအပ်နှင်းဖို့ဥရောပပါလီမန်ကတောင်းဆိုပါတယ်။
အမေရိကန်အောက်လွှတ်တော်ကလည်း စစ်တပ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကြားနာမှုတစ်ခု ပြုလုပ်ကာစစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကရှုတ်ချဖို့ နိုဝင်ဘာ ၁၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့အာရှ-ပစိဖိတ် ဆပ်််ကော်မတီ ဥက္ကဋ္ဌမစ္စစ်ကင်မ်ယောင်းက မြန်မာစစ်တပ်ဟာ၂၀၂၅ ဒီဇင်ဘာမှာရလဒ်တွေ ကြိုတင်သတ်မှတ်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲတွေ ကျင်းပဖို့ သတ်မှတ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
အာဏာရှင်ထိန်းချုပ်မှုကို ဖုံးကွယ်ဖို့ ဒီမိုကရေစီလုပ်ငန်းစဥ်အဖြစ် စစ်တပ်က ပုံဖော်တာလို့ မစ္စစ်ကင်မ်ယောင်းက ပြောပါတယ်။ဒါ့အပြင် စစ်တပ်ရွေးကောက်ပွဲတွေကတရားဝင်မှုရှိသယောင်ပုံဖော်ထားပြီး တချိန်တည်းမှာတရုတ်နဲ့ ရုရှားတို့ရဲ့ လက်ဝေခံကိုယ်စားလှယ်(proxy) အဖြစ်ဆက်လက်လုပ်ဆောင်ဖို့ ခွင့်ပြုပေးတာလည်း ဖြစ်တယ်လို့မစ္စစ်ကင်မ်ယောင်းက ပြောပါတယ်။
စစ်တပ်ရွေးကောက်ပွဲကို လူသိရှင်ကြားထောက်ခံအားပေးတဲ့ ကမ္ဘာ့နိုင်ငံအနည်းငယ်ထဲမှာ တရုတ်နဲ့ ရုရှားက ရှေ့တန်းက ပါဝင်ပြီး အိန္ဒိယလည်း ပါဝင်တာ တွေ့ရပါတယ်။
ဥရောပပါလီမန်ကတော့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရကျောထောက်နောက်ခံ ပြုနေကြတဲ့ နိုင်ငံတကာ အင်အားစုတွေ အထူးသဖြင့် ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို ပြစ်တင်ရှုတ်ချကြောင်းနိုဝင်ဘာ၂၇ရက်မှာ ကြေညာခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံတွေ စုဖွဲ့ထားတဲ့ အာဆီယံက တရားထုတ်ပြန်ကြေညာချက် မလုပ်သေးပေမယ့် စစ်တပ်ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာသူ(Observer)သီးခြား မစေလွှတ်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့တော့ တစ်နိုင်ငံချင်းစီအလိုက်စေလွှတ်နိုင်တယ်လို့ အာဆီယံသံတမန်တစ်ဦးက ပြောဆိုထားပါတယ်။
မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံကတော့ စစ်တပ်ရွေးကောက်ပွဲစောင့်ကြည့်သူ စေလွှတ်မယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောဆိုထားပါတယ်။
စစ်တပ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဗလာခရစ်ရှ်နန်က “ချက်ချင်းဦးစားပေးရမှာက အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးအခြေအနေတွေ ဖန်တီးပေးဖို့တွေဖြစ်ပါတယ်။ငြိမ်းချမ်းရေး၊လုံခြုံရေးနဲ့ အားလုံးပါဝင်မှုတွေက လာမယ့်ရွေးကောက်ပွဲတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်ရပါမယ်။ ဒါမှသာ ရလဒ်က အများလက်ခံယုံကြည်မှာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထပ်ဟပ်မှာပါ”လို့ စင်ကာပူလွှတ်တော်ကို ဖြေကြားထားပါတယ်။
စစ်တပ်ရွေးကောက်ပွဲ မကျင်းပမီ ၆ ရက်အလိုမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးနဲ့ပတ်သက်လို့ တံခါးပိတ်အစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲခေါ်ယူဖို့ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က တောင်းဆိုခဲ့ကြတာပါ။အစည်းအဝေးနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ဒါမှမဟုတ်ထုတ်ပြန်ချက်ထွက်ပေါ်လာတာတော့ မတွေ့ရပါဘူး။
ဒါပေမဲ့ တံခါးပိတ်အစည်းအဝေးမတိုင်ခင်မှာ ဗြိတိန်သံအမတ်ကြီးက လက်ရှိအခြေအနေမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ပိုမိုအကြမ်းဖက်မှုဆီ တွန်းပို့ပြီး ရေရှည်အဖြေရှာဖို့ ခက်ခဲမယ့်အန္တရာယ်ရှိကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီ ကျင်းပဖို့ စီစဥ်ထားတဲ့ ရွေးကောက်ပွဲတွေက လွတ်လပ်တရားမျှတမယ့် လက္ခဏာတွေ မရှိဘူးလို့လည်း ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရူကီက ပြောခဲ့ပါတယ်။
ဗြိတိန်ဟာ မြန်မာပြည်သူတွေနဲ့အတူ၊ ပြည်သူတွေရဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်တဲ့ ဒီမိုကရက်တစ်အနာဂတ် ဆန္ဒနဲ့အတူ ခိုင်ခိုင်မာမာရပ်တည်တယ်လို့ ပြောပြီး မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစီအစဥ်ထဲမှာ ဆက်လက်ထားရှိမယ်လို့လည်း အသိပေးခဲ့ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာတာ့ခ်က မြန်မာစစ်တပ် စိတ်တိုင်းကျခြယ်လှယ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုနဲ့ လွတ်လပ်မှု ကင်းမဲ့ကြောင်း ဒီဇင်ဘာ ၂၃ရက် မှာ ထောက်ပြဝေဖန်ပါတယ်။
မြန်မာပြည်သူတွေဟာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ကိုရော၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆီကပါ မတူညီတဲ့ ဖိအားပေးမှုတွေကြောင့်ကြားညှပ်နေရတယ်လို့ မဟာမင်းကြီးတာ့ခ်ကဆိုပါတယ်။
စစ်တပ်ဟာအကြောက်တရား၊ရန်လိုအကြမ်းဖက်မှု၊ဖိနှိပ်မှုတွေထူပြောနေတဲ့အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေတယ်လို့ ကုလသမဂ္ဂက အခိုင်အမာဆိုပါတယ်။
ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးတာ့ခ်က စစ်တပ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
“ဒီအခြေအနေတွေအောက်ကနေ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ စဥ်းစားလို့ လိုက်မမီနိုင် ဖြစ်ရပါတယ်” ။ ။

















































