စက်တင်ဘာ-၂၃၊၂၀၂၅။ဇော်ရမ်း/People’s Spring
ကျောက်မဲမြို့ကိုသိမ်းပိုက်မယ်ဆိုပြီးဦးတည်ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းအထိနာပြီး ရှေ့မဆက်နိုင်ဖြစ်နေချိန်မှာ ဒီစစ်ဆေးရေးနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံးဖြစ်တဲ့ ကစထ-၂မှူးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို စစ်ကောင်စီကရာထူးကဖြုတ်ချပြီး အရန်အင်အားကိုပို့ဆောင်လိုက်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုရာထူးကနေအနားပေးတာ ၊ဌာနအပြောင်းအရွှေ့လုပ်တာတွေကို အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏလုပ်နေစစ်တာမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ-၂ မှူး) ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး ပါဝင်လာတာပါ။
သူ့ကိုအရန်အင်အားပို့လိုက်ပြီး ကစထ-၅ မှူး ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလတ်နဲ့ အစားထိုးလိုက်တာပါ။

Public Service Announcement
“ နောင်ချိုကနေကျောက်မဲကိုဦးတည်တဲ့ စစ်ဆင်ရေးမှာ ထင်သလောက် မအောင်မြင်တော့ ဖြတ်ထုတ်ရှင်းလုပ်တာ။ နိုင်နိုင်ဦးကို မအလ( စစ်ကောင်စီခေါင်းဆောင်)က နဂိုကတည်းက မကြည်ဘူး” လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
ကစထ(၂) မှူးဟာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ (လားရှိုးအပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး)၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ခိုလမ်)ဒေသတွေရဲ့ စစ်ဆင်ရေး တွေကိုတာဝန်ခံရတာပါ။
၂၀၂၄ခုနှစ်ဩဂုတ်လက MNDAA တိုက်ခိုက်လို့ရမခနဲ့ လားရှိုးမြို့ ဆုံးရှုံးရခြင်းဟာ ဒုတိဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးရဲ့ ညံ့ဖျင်းမှုကြောင့်လို့စစ်ခေါင်းဆောင်က ယူဆခဲ့တာပါ။ သူ့ကို ရာထူးက နေနှုတ်ထွက်ခိုင်းပေမယ့် နောင်ချိုကို ပြန်သိမ်းတဲ့စစ်ဆင်ရေးမှာဒုစစ်ခေါင်းဆောင်စိုးဝင်းကဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကို ဝာာဝန်ပေးပြီး စောင့်ကြည့်ခိုင်းခဲ့တာပါ။၂၀၂၅ ဇူလိုင်လမှာ နောင်ချိုကိုပြန်သိမ်းယူနိုင်ခဲ့ပေမယ့်အဲဒီနောက်ပိုင်းကျောက်မဲကိုဦးတည်တဲ့စစ်ဆင်ရေးမှာတော့ကျောက်မဲကိုရောက်အောင်ထိုးစစ်မဆင်ပဲအထိနာနေတာဖြစ်ပါတယ်။
စိတ်မရှည်တော့တဲ့စစ်ခေါင်းဆောင်က ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုဖယ်ရှားလိုက်တာပါလို့သိရပါတယ်။
လက်ရှိမှာ ကျောက်မဲမြို့နဲ့၇မိုင်ခန့်အကွာမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီကလေ ကြောင်းကနေမကြာခဏဗုံးကြဲနေပါတယ်။ TNLA နဲ့ မဟာမိတ်တပ်တွေက စစ်တပ်စစ်ကြောင်းတွေကိုဖြတ်တောက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
ဒါအပြင်ဒီကနေ့ထွက်ပေါ်လာတဲ့စစ်ဘက်ဆိုင်ရာသတင်းတွေအရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်ကိုထိုက်ကို တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ် တာဝန်ပေးလိုက်ပြီးတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းကို စစ်ရာထူးခန့်ချုပ်(ကကထူး)အဖြစ် ခန့်အပ်လိုက်ကြောင်း စုံစမ်ယသိရပါတယ်။
ဗန်းမော်အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) စကခမှူးဗိုလ်မှူးကြီး တင်မင်းလတ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ပေးလိုက်ပြီး တပ်မ(၈၈) တပ်မမှူးကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ) တာဝန်ပေးလိုက်တယ်လို့သိရပါတယ်။ စကခ(၂၁)နဲ့ တပ်မ(၈၈)ဟာ KIAတိုက်ခိုက်နေတဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပူးတွဲခုခံနေနကြတာပါ။သူတို့၂ဦးစလုံးကိုစက်တင်ဘာလ၂၃ရက်နေ့မှာပဲ ဗန်းမော်ကနေ ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
