လေပိုင်နက်ထဲ ရုရှားရဲ့ ဒရုန်းတစ်စီး ကျူးကျော် ဝင်ရောက်ခဲ့တဲ့အပေါ် ရိုမေးနီးယားက ရှုတ်ချ ဝေဖန်သွားခဲ့ပါတယ်။
ရုရှားရဲ့ လုပ်ရပ်တွေဟာ တာဝန်ယူမှု ကင်းမဲ့လွန်းတယ်လို့ ရိုမေးနီးယားက ပြောပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့တုန်းက ရုရှားဟာ ယူကရိန်း နိုင်ငံမှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ရာက အိမ်နီးချင်း ရိုမေးနီးယား ပိုင်နက်ထဲကို ဒရုန်းတစ်စီး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် ရိုမေးနီးယား လေတပ်က တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေပြီး စောင့်ကြည့်ခဲ့ရပါတယ်။
ဒါဟာ ပိုလန် လေပိုင်နက်ထဲ ဒရုန်းတွေ ကျူးကျော် ဝင်ရောက်လာလို့ ပိုလန်လေတပ်နဲ့ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေ ပူးပေါင်း ပစ်ချခဲ့ရတဲ့ ဖြစ်စဉ်အပြီး ရက်ပိုင်းအကြာမှာ ကြုံတွေ့လာတာပါ။
ရိုမေးနီးယားမှာတော့ မြောက်ပိုင်း ဒိုဘရူဂျာမှာ ကင်းလှည့်နေတဲ့ F-16 တိုက်လေယာဉ် နှစ်စီးဟာ နယ်ကျွံလာတဲ့ ရုရှားဒရုန်းကို ကြားဖြတ် ဟန့်တားခဲ့ပြီး လိုအပ်လာရင် ပစ်ချဖို့ထိ စီစဉ်ထားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ဒရုန်းဟာ မိနစ် ၅၀ လောက်ကြာအောင် တဝဲလည်လည် ပျံသန်းနေခဲ့တဲ့နောက် ပါဒီနာ မြို့နားကနေ နိုင်ငံ လေပိုင်နက်ကို စွန့်ခွာသွားခဲ့တယ်လို့ ရိုမေးနီးယားက ဆိုပါတယ်။
ရုရှားဒရုန်းရဲ့ နယ်ကျော်ဝင်ရောက်မှုကို ရိုမေးနီးယားက အတိအလင်း ကန့်ကွက်ခဲ့ပေမယ့် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အဲဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ရုရှားရဲ့ တာဝန်မဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း၊ ရုရှားဟာ ပင်လယ်နက် ဒေသမှာ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်စေမယ့် စိန်ခေါ်မှု အသစ်တစ်ခုကို ဖန်တီးနေကြောင်း ဖော်ပြထားခဲ့ပါတယ်။
ပြီးတော့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအပေါ် လေးစားမှု ကင်းမဲ့တာ၊ နိုင်ငံတကာ စံနှုန်းတွေကို ချိုးဖောက်တာ၊ ရိုမေးနီးယား ပြည်သူတွေနဲ့ NATOရဲ့ လုံခြုံရေးကို ထိပါးခြိမ်းခြောက်တာတွေလည်း အဓိပ္ပါယ် သက်ရောက်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားဒရုန်း တစ်စီးရဲ့ လေပိုင်နက် ကျူးကျော်မှုကြောင့် ရိုမေးနီးယား တိုက်လေယာဉ်တွေ အလုပ်များသွားခဲ့တယ် ဆိုတာကို သိရှိထားကြောင်း၊ အဲဒီဒရုန်းဟာ ရိုမေးနီးယား ပိုင်နက်ထဲ ၁၀ ကီလိုမီတာလောက်ထိ ကျွံဝင်ခဲ့သလို NATO လေပိုင်နက်ထဲမှာ မိနစ် ၅၀ လောက်ကြာအောင် ရှိနေခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် ရုရှားရဲ့ လုပ်ရပ်တွေအတွက် ပိတ်ဆို့ အရေးယူတာတွေ၊ နိုင်ငံတွေ စုပေါင်းပြီး တုံ့ပြန်တဲ့ ကာကွယ်ရေး အစီအမံတွေ ပိုလိုအပ်လာတယ်ဆိုတာ မြင်သာစေကြောင်းလည်း သူက မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဥရောပ နိုင်ငံတွေ အနေနဲ့ လေပိုင်နက်ထဲကို ရုရှားရဲ့ Shahed ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အပြုံလိုက် ဝင်ရောက်လာတဲ့ အချိန်ထိ စောင့်မနေဘဲ လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေ ချသင့်နေပြီလို့ ဇီလန်စကီးက သတိပေးသွားပါတယ်။
ကိုးကား: CNN
















































