လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် နီပေါနိုင်ငံမှာ အစိုးရ ပြုတ်ကျသွားပြီး တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက ယာယီ ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာနေပါတယ်။
နီပေါမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် စက်တင်ဘာ ၉ ရက်နေ့မှာ ဝန်ကြီးချုပ် ခက်ဒ်ဂါ ပရာဆက်ဒ် ရှာမာ အိုလီနဲ့ ဝန်ကြီးတချို့ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် နီပေါ စစ်တပ်ဟာ နိုင်ငံရဲ့ စီမံအုပ်ချုပ်မှုကို ကြားဖြတ် တာဝန်ယူထားခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ စစ်တပ် အကြီးအကဲတွေနဲ့ ဆန္ဒပြ လူငယ် ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းပြီး ကြားကာလ ယာယီ ဝန်ကြီးချုပ်တစ်ဦး တင်မြှောက်ရေး ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။
ဆန္ဒပြ ခေါင်းဆောင်တွေက အသက် ၇၃ နှစ်အရွယ် တရားသူကြီးချုပ်ဟောင်း ကာကီကို တညီတညွတ်တည်း ထောက်ခံခဲ့ပြီး စစ်တပ်ကလည်း လက်ခံထားပါတယ်။ ဒါကြောင့် ကာကီက ယာယီ ဝန်ကြီးချုပ် ဖြစ်လာဖို့ ဆိုတာဟာ ကန့်ကွက်တားဆီးမှု မရှိတော့ဘဲ လုပ်ထုံးလုပ်နည်းပိုင်း အရသာ နှောင့်နှေးမှုတွေ ကြုံနေရတာပါ။

Public Service Announcement
သမ္မတ ရမ်ချန်ဒရာ ပူဒဲလ်က နှစ်ဖက် ဆွေးနွေးမှုတွေရဲ့ သဘောထား ရလဒ်ကို နိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီ အသီးသီးဆီ ပေးပို့ အသိပေးထားပြီး ဖြစ်ပါတယ်။ ပြီးတော့ ညှိနှိုင်းမှု လုပ်ငန်းစဉ်တွေမှာ သမ္မတက ဆက်လက် ပါဝင်နေမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေး ပါတီတွေ အနေနဲ့ ကာကီကို ယာယီ ဝန်ကြီးချုပ် နေရာအတွက် လက်ခံမယ် ဆိုရင်တောင် ဖွဲ့စည်းပုံ ဥပဒေ သတ်မှတ်ချက်တွေအရ သူ့ရဲ့ ရာထူးကို တရားဝင်အောင် ဘယ်လို ခန့်အပ်မလဲ ဆိုတာကို ထောက်ပြ မေးခွန်းထုတ်ထားပါတယ်။ နောက်ပြီး ယာယီ ဝန်ကြီးချုပ် ဦးဆောင်နေချိန် ကာလအတွင်း လွှတ်တော်ကို ဖျက်သိမ်းသင့်သလား ဆိုတာကိုလည်း သဘောတူညီမှု မရနိုင်သေးပါဘူး။
ညှိနှိုင်းမှုတွေမှာ ပါဝင် အကြံပေးနေတဲ့ ဥပဒေ ပညာရှင် နှစ်ဦးက နိုင်ငံကို ယာယီ ဝန်ကြီးချုပ်အဖြစ် ဘယ်သူ ဦးဆောင်မလဲ ဆိုတာက ပြဿနာ မဟုတ်တော့ဘဲ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ဖြတ်ကျော်ဖို့က အဓိက လိုအပ်ချက် ဖြစ်လာနေတယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ် အိုလီရဲ့ အစိုးရ ပြုတ်ကျသွားစေတဲ့ထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ဆန္ဒပြ လူငယ်တွေကတော့ ကာကီကို ယာယီ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းဟာ ဖွဲ့စည်းပုံ ဥပဒေကို ဆန့်ကျင်ရာ မရောက်ဘူးလို့ ပြောပါတယ်။ ပြီးတော့ လွှတ်တော်ကို သေချာပေါက် ဖျက်သိမ်းသင့်တယ်ဆိုတဲ့ အမြင်မျိုးကိုလည်း လူငယ်တွေဖက်က မြဲမြဲဆုပ်ကိုင်ပြီး တောင်းဆိုနေပါတယ်။
ကိုးကား: Hindu

















































