ကမ္ဘာကြီးအနေနဲ့ ကျင့်ဝတ် စည်းမျဉ်းတွေကို အမျိုးမျိုး လိုရာဆွဲ သတ်မှတ်မနေဘဲ အစ္စရေးကို အရေးယူပေးကြဖို့ ကာတာ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။
စည်းမျဉ်းတွေကို လိုရာဆွဲပြီး ကျင့်သုံးကြတဲ့ double standard သဘောထားတွေကို ရပ်တန်းက ရပ်ပြီး အစ္စရေး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက တိုက်ရိုက် အရေးယူရမယ့်အချိန် ရောက်လာပြီလို့ ရှိတ်ခ် မိုဟာမက် ဘင် အက်ဘ်ဒူလာမန် အယ်လ်သာနီက စက်တင်ဘာ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးက ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ ရှိနေတဲ့ ဟားမားစ် အဖွဲ့ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ နေထိုင်ရာ အိမ်ရာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အပြီး အယ်လ်သာနီက အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ကာတာ အစိုးရဟာ အာရပ်နဲ့ အစ္စလာမ်နိုင်ငံ ခေါင်းဆောင်တွေကို စုဝေးတဲ့ အရေးပေါ် အစည်းအဝေး တစ်ရပ်ကိုလည်း ခေါ်ယူထားပါတယ်။ အဲဒီအစည်းအဝေးကိုတော့ ဒိုဟာမှာ စက်တင်ဘာ ၁၅ ရက်နေ့ကျရင် ကျင်းပပါမယ်။

Public Service Announcement
Double standardတွေကို ဆုပ်ကိုင်ထားတာမျိုးကို နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ရပ်တန့်ပစ်သင့်ပြီဖြစ်ပြီး ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုတွေအတွက် အစ္စရေးကို ပြစ်ဒဏ် စီရင်သင့်ကြောင်း၊ ပြီးတော့ လက်ရှိ ဂါဇာမှာ စစ်ပွဲ ဆက်ပြီး ဖြစ်နေတယ် ဆိုတာဟာ အစ္စရေးက ကာတာရဲ့ ညီအစ်ကို ပါလက်စတိုင်းတွေအပေါ် တရားလက်မဲ့ ဆက်လက် တိုက်ခိုက်နေပြီး သူတို့ရဲ့ ဇာတိမြေကနေ နှင်ထုတ်ပစ်ဖို့ အားထုတ်နေလို့ ဖြစ်ကြောင်း၊ ပြီးတော့ အဲဒီ အားထုတ်မှု အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အစ္စရေး သိဖို့လိုကြောင်း အယ်လ်သာနီက ဆိုပါတယ်။
ကာတာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မာဂျက်ဒ် အယ်လ်ဆာနာရီကတော့ စက်တင်ဘာ ၁၅ ရက်နေ့ အစည်းအဝေးမှာ အာရပ်နဲ့ အစ္စလာမ်မစ် နိုင်ငံတွေ စုပေါင်းပြီး အစ္စရေးက ကာတာအပေါ် တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သဘောထား တုံ့ပြန်မှု မူကြမ်းတစ်ခုကို ရေးဆွဲဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။ အစည်းအဝေး တက်ရောက်မယ့် သူတွေထဲမှာ အီရန် သမ္မတ မာဆွတ် ပက်ဇက်ရှ်ခန်း၊ အီရတ် ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ်လ်ဆူဒါနီ၊ ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်တို့လည်း ပါဝင်ပြီး တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်လည်း တက်ရောက်ဖြစ်ဖွယ် ရှိတယ်လို့ တူရကီ မီဒီယာတွေက ဖော်ပြထားပါတယ်။
ဆော်ဒီ အစိုးရ အဖွဲ့ကို ဦးဆောင်နေသူ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ရော အစည်းအဝေး တက်ဖြစ်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက အိမ်နီးချင်း နိုင်ငံနဲ့အတူ စည်းလုံးစွာ ရပ်တည်ကြောင်း ပြသဖို့ ကာတာဆီ သွားရောက်ခဲ့ပါသေးတယ်။
ကာတာ ပိုင်နက်ထဲမှာ အစ္စရေးက တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ဟာ နှစ်နိုင်ငံစလုံးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် အတွက်လည်း အကျပ်ရိုက်စေဖွယ် ရှိပါတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန်ရဲ့ အကြီးဆုံး လေတပ်စခန်းဟာ ကာတာ နိုင်ငံမှာ တည်ရှိပါတယ်။ ကာတာဟာ အစ္စရေးနဲ့ ဟားမားစ်ကြားက စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အမေရိကန်နဲ့အတူ တက်တက်ကြွကြွ ကြားဝင် ဆွေးနွေးပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ကိုးကား: AFP
















































