အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံရေး မဟာမိတ်တစ်ဦး ဖြစ်ခဲ့သူ ချာလီကာ့ခ်ကို လုပ်ကြံခဲ့တဲ့ သေနတ်သမားဟာ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။
လုပ်ကြံမှု ဖြစ်ပွားခဲ့ရာ ယူတားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး စပန်ဆာ ကော့စ်က အသက် ၂၂ နှစ်အရွယ် သေနတ်သမား တိုင်လာ ရော်ဘင်ဆန်ကို စက်တင်ဘာ ၁၆ ရက်နေ့မှာ တရားဝင် စွဲချက်တင်မယ်လို့ ပြောပါတယ်။ သူ့ကို ယူတားမှာပဲ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ရော်ဘင်ဆန်က သေသေချာချာ ပူးပေါင်းတာမျိုး မရှိဘူးလို့ ကော့စ်က ဆိုပါတယ်။
ရော်ဘင်ဆန်ဟာ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက ယူတား ဗယ်လီ တက္ကသိုလ် ဝင်းထဲမှာ ကျောင်းသူကျောင်းသားတွေနဲ့ စကားရည် လုနေခဲ့တဲ့ ကာ့ခ်ကို အမဲလိုက် ရိုင်ဖယ်နဲ့ ပစ်ခတ် လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကာ့ခ်ဟာ လက်ယာယိမ်း ကွန်ဆာဗေးတစ် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့်ကို လူငယ်တွေ အများအပြား ထောက်ခံမဲပေးစေဖို့ ထိထိရောက်ရောက် မဲဆွယ်ပေးခဲ့သူပါ။
ရော်ဘင်ဆန်ဟာ တက္ကသိုလ်ထဲက စကားရည်လုပွဲ ကျင်းပရာ နေရာရှေ့ဖက် အဆောက်အအုံမြင့်ပေါ်ကနေ ကာ့ခ်ကို ပစ်ခတ်ခဲ့တာပါ။ လည်ပင်းတည့်တည့်ကို ထိမှန်တဲ့ ကျည်ဆန် တစ်ချက်တည်းကြောင့် ကာ့ခ်ဟာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

Public Service Announcement
အမေရိကန် နိုင်ငံရေး ရပ်ဝန်း တစ်ခုလုံးကို တုန်လှုပ်စေခဲ့တဲ့ လုပ်ကြံမှု အပြီးမှာတော့ ရဲတွေက တရားခံကို အပူတပြင်း လိုက်ရှာခဲ့ကြပြီး နောက်တော့ ရော်ဘင်ဆန်ရဲ့ ထုတ်ဖော် ဝန်ခံမှုနဲ့အတူ မိသားစုက အာဏာပိုင်တွေဆီ ဆက်သွယ်ပြီး အဖမ်းခံစေခဲ့ပါတယ်။
လောလောဆယ် ရဲတွေနဲ့ စုံထောက်တွေက ရော်ဘင်ဆန်ကို စုံစမ်းမေးမြန်းမှုတွေ လုပ်နေပေမယ့် သံသယ တရားခံဆီက ထိရောက်တဲ့ ပူးပေါင်းမှု မရှိဘဲ ဖြစ်နေတယ်လို့ ကော့စ်က စက်တင်ဘာ ၁၄ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။ ရော်ဘင်ဆန် ကိုယ်တိုင်က မပူးပေါင်းပေမယ့် သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိသားစုတွေနဲ့ တခြားလူပုဂ္ဂိုလ်တွေ အားလုံးက လိုလိုလားလား ပူးပေါင်းပေးကြကြောင်း၊ ဒီအချက်ဟာ စုံစမ်းမှုတွေမှာ အများကြီး အရေးကြီးတယ်လို့ သူခံစားမိကြောင်း ကော့စ်က ဆိုပါတယ်။
အထူးသဖြင့် အမျိုးသား ဘဝကနေ အမျိုးသမီးအဖြစ် လိင်ပြောင်းလဲ ခံယူထားပြီး ကော့စ်ရဲ့ အခန်းဖော်ဟောင်းနဲ့ ရည်းစားဖြစ်သူ တစ်ဦးဆီက အထူးတလည် ပူးပေါင်းကူညီမှုတွေ ရနေတယ်လို့ ကော့စ်က ပြောကြားသွားပါတယ်။
စုံစမ်းစစ်ဆေးရေး အရာရှိတွေဟာ ဟာသ memeတွေနဲ့ ဗီဒီယိုဂိမ်းတွေထဲက ပြက်လုံးတွေကို ရေးထွင်းထားတဲ့ ကျည်ခွံ ၄ ခုကိုလည်း ရော်ဘင်ဆန်ရဲ့ ပိုင်ဆိုင်မှုတွေထဲကနေ သိမ်းဆည်း ရမိခဲ့ပါတယ်။ မိသားစုရဲ့ အဆိုအရ ရော်ဘင်ဆန်ဟာ ကာ့ခ်ကို အမုန်းတရားတွေ ဖြန့်ဝေနေတဲ့ လက်ယာစွန်း တစ်ဦးအဖြစ် အမြင်မကြည်ခဲ့ဘူးလို့ သိရပါတယ်။
ကာ့ခ်လုပ်ကြံခံရတဲ့ ဖြစ်စဉ်အပြီး သူ့ကို ထောက်ခံ အားပေးသူတွေကြားမှာ ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်လာသလို နိုင်ငံရေး ရပ်ဝန်းမှာ ရန်လို အကြမ်းဖက်မှုတွေ ထူထပ်လာတဲ့ အခြေအနေအပေါ် စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ထရမ့်ကတော့ ဒီလုပ်ကြံမှု နောက်ကွယ်မှာ လက်ဝဲစွန်း တစ်ယူသန် နိုင်ငံရေး အင်အားစုတွေ ရှိနေတယ်လို့ စွပ်စွဲထားသလို ကျူးလွန်သူဟာ သေဒဏ်ချမှတ် ခံရသင့်တယ်လို့ ပြောကြားထားပါတယ်။ ထရမ့် ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကြို ကာလမှာ သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်လုပ်ကြံမှုနဲ့ ကြုံခဲ့ပေမယ့် ကံကြီးလွန်းလို့သာ အသက်ဘေးက လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ကော့စ်ကတော့ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ရေးသားလှုံ့ဆော်နေတဲ့ တချို့ အကြောင်းအရာတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်မှာ ကြုံတွေ့ခဲ့တဲ့ နိုင်ငံရေး အကြမ်းဖက်မှုတွေကို တိုက်ရိုက် တွန်းအားပေးနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
ကာ့ခ်ထူထောင်ခဲ့တဲ့ Turning Point USA အဖွဲ့က ကာ့ခ်အတွက် အောက်မေ့မှု အခမ်းအနား တစ်ရပ်ကို အရီဇိုးနားပြည်နယ်၊ ဂလန်ဒေးလ်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့ကျရင် ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
ကိုးကား: Reuters
















































