အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဖိအားပေး ဆန့်ကျင်မှုတွေ ရှိနေတဲ့တိုင် ရုရှားဆီက ရေနံကို ဆက်လက် ဝယ်ယူသွားမယ်လို့ အိန္ဒိယက အတည်ပြုခဲ့ပါတယ်။
ထရမ့်က အိန္ဒိယ အနေနဲ့ ရုရှားဆီက ရေနံကို ဆက်ပြီး ဝယ်ယူနေမယ်ဆိုရင် အမေရိကန်ဆီက သဘောထား တင်းမာတဲ့ အရေးယူ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ပြီးတော့ ဩဂုတ် ၁ ရက်နေ့မှာလည်း ထရမ့်က အိန္ဒိယဟာ အခုဆိုရင် ရုရှားဆီက ရေနံ ဆက်မဝယ်တော့ဖို့ စဉ်းစားနေပြီလို့ သူသဘောပေါက်ထားကြောင်း သတင်းထောက်တွေကို မှတ်ချက် ပေးခဲ့ပါတယ်။
ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြောင့် အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ကြုံနေရတဲ့ နိုင်ငံပါ။
ထရမ့်က အိန္ဒိယဟာ ရုရှားဆီက ရေနံတွေ ဝယ်ယူ တင်သွင်းနေတာကို ရပ်တန့်တော့မယ်လို့ ပြောပေမယ့် အိန္ဒိယ အစိုးရရဲ့ ထိပ်ပိုင်း အရာရှိ တချို့ကတော့ အရောင်းအဝယ် ကိစ္စတွေ ဆက်ရှိနေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement
ရေနံ အရောင်းအဝယ် စာချုပ်တွေဟာ ရေရှည် သက်တမ်းအတွက် ချုပ်ဆိုထားကြတာ ဖြစ်ကြောင်း၊ ညတွင်းချင်း ရပ်စဲလိုက်လို့ ရလောက်အောင် မရိုးရှင်းကြောင်း အိန္ဒိယ အစိုးရရဲ့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အမည်မဖော်တဲ့ အိန္ဒိယ အစိုးရ အရာရှိ တချို့ကလည်း အစိုးရရဲ့ ရေနံ ဝယ်ယူမှု မူဝါဒတွေ အပြောင်းအလဲ မရှိကြောင်း၊ ရုရှားရေနံကို လျှော့ဝယ်ဖို့ အစိုးရက အိန္ဒိယ ကုမ္ပဏီတွေဆီကိုလည်း ညွှန်ကြားမထားကြောင်း New York Times သတင်းစာကို မှတ်ချက်ပေးခဲ့ပါတယ်။
အခုအခြေအနေအပေါ် အိမ်ဖြူတော်ဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တစ်ဖက်မှာတော့ အိန္ဒိယ ရေနံချက် လုပ်ငန်းတချို့ဟာ ရုရှားဆီက ရေနံစိမ်း ရောင်းချမှုမှာ စျေးလျှော့ပေးတာ နည်းသွားတဲ့နောက် အဝယ်ပမာဏကို လျှော့ချတာမျိုး ရှိပေမယ့် အိန္ဒိယ အစိုးရဆီက ညွှန်ကြားချက်ကြောင့်တော့ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ကိုးကား: Reuters











































