ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ဖန်တီးထားတဲ့ မော်ဒယ် တစ်ဦးရဲ့ ပုံရိပ်နဲ့ ကြော်ငြာကို ကမ္ဘာကျော် ဖက်ရှင် မဂ္ဂဇင်း တစ်ခုမှာ ဖော်ပြခဲ့တဲ့နောက် အငြင်းပွားမှုတွေ၊ အမြင်ကွဲပြားမှုတွေ ထွက်ပေါ်လာပါတယ်။
အမေရိကန် ဖက်ရှင် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Guessဟာ ဖက်ရှင်နဲ့ လူနေမှုဘဝ မဂ္ဂဇင်း Vogueထဲမှာ AIနဲ့ ဖန်တီးထားတဲ့ မော်ဒယ် အမျိုးသမီး တစ်ဦးရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ကြော်ငြာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကြော်ငြာတွေထဲမှာတော့ Guessရဲ့ နွေရာသီ collection အသစ်မှာပါတဲ့ ဝတ်စုံဒီဇိုင်းတွေကို ရွှေရောင်ဆံပင်နဲ့ အမျိုးသမီး တစ်ဦးက ကိုယ်ဟန်ပြ ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ ပြင်ပလောကမှာ ရှိမနေဘဲ AIနဲ့ ဖန်တီးထားတာသာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီးကို AI အသုံးပြု ဖန်တီးထားတယ် ဆိုတာကိုလည်း ကြော်ငြာထဲမှာ မှတ်ချက် ရေးသားထားခဲ့ပါတယ်။
Vogueလိုမျိုး အထင်ကရ ဖက်ရှင် မဂ္ဂဇင်းကြီး တစ်ခုမှာတော့ AI မော်ဒယ်တစ်ဦးရဲ့ ပုံတွေနဲ့ ကြော်ငြာထည့်သွင်းတာဟာ ပထမဆုံး ဖြစ်ပါတယ်။ Vogueကတော့ ဒါဟာ ကြော်ငြာသာဖြစ်ပြီး မဂ္ဂဇင်းရဲ့ စာတည်း မူဝါဒတွေနဲ့ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဒါပေမဲ့လည်း AI ပုံရိပ် မော်ဒယ်ကို ကြော်ငြာအတွက် အသုံးပြုလာတဲ့ ခြေလှမ်းနဲ့ ပတ်သက်ပြီး ဖက်ရှင်နယ်ပယ်မှာ အလှအပနဲ့ ပတ်သက်တဲ့ စံနှုန်းတွေ၊ နောက်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်တွေရဲ့ အနာဂတ် အသက်မွေးဝမ်းကြောင်း အလားအလာတွေအပေါ် ကွဲပြားတဲ့ ရှုထောင့်တွေကနေ အငြင်းပွားမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Public Service Announcement
Guessရဲ့ ကြော်ငြာမှာပါတဲ့ မော်ဒယ်ကိုတော့ အမျိုးသမီး နှစ်ဦးက ပူးတွဲ ထူထောင်ထားတဲ့ AI ကုမ္ပဏီ Seraphinne Valloraက ဖန်တီးပေးခဲ့တာပါ။ Guessကို ပူးတွဲ ထူထောင်သူ ပေါလ်မာစီယာနိုက AI မော်ဒယ်တစ်ဦးနဲ့ ကြော်ငြာမယ့် စိတ်ကူးအတွက် သူတို့ကို စတင် ဆက်သွယ်လာတာလို့ အဲဒီ အမျိုးသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဗယ်လင်တီနာ ဂွန်ဇာလက်ဇ်က ဆိုပါတယ်။
အဲဒီနောက် AI ကုမ္ပဏီက ဖန်တီးထားတဲ့ မော်ဒယ် အမျိုးသမီးပုံ ၁၀ ခုကို Guessဆီ မူကြမ်းအဖြစ် ပေးပို့ခဲ့ကြောင်း၊ အဲဒီထဲကမှ ရွှေရောင်ဆံပင်နဲ့ တစ်ဦး၊ ဆံပင်နက်နက်နဲ့ တစ်ဦးရဲ့ ပုံတွေကို Guessက ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် အပြီးသတ်အဆင့် အချောသတ်တဲ့ အပိုင်းကို ဆက်လုပ်ခဲ့ကြောင်းလည်း သူက ရှင်းပြခဲ့ပါတယ်။ AIကို အသုံးပြု ဖန်တီးတဲ့ ဓာတ်ပုံတွေဟာ ထင်သလောက် လွယ်ကူ ရိုးရှင်းနေတာ မဟုတ်ဘဲ တစ်လလောက် အချိန်ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့လည်း မော်ဒယ်လောကမှာတော့ Guessရဲ့ စိတ်ကူးဟာ အတော်လေး ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချတာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးထွားကျိုင်းသူတွေအတွက် ရည်ရွယ် သရုပ်ပြပေးတဲ့ Plus-size မော်ဒယ် တစ်ဦးဖြစ်တဲ့ ဖလစ်စီတီ ဟေးဝပ်က Guessရဲ့ ဆုံးဖြတ်ချက်ဟာ ပျင်းရိပြီး စျေးပေါလွန်းတယ်လို့ ပြောပါတယ်။ လူတန်းစားမျိုးစုံကို ကိုယ်စားပြုနိုင်အောင် ဖက်ရှင်လောကမှာ နှစ်ပေါင်းများစွာ အချိန်ယူ ကြိုးစား တည်ဆောက်ခဲ့တာတွေကို ဒီလုပ်ရပ်မျိုးက ဖျက်လိုဖျက်ဆီး ပြုနေတယ်လို့ သူက သတိပေးခဲ့ပါတယ်။
ဂွန်ဇာလက်ဇ်နဲ့ သူ့ရဲ့ စီးပွားဖက် အန်ဒရီရာ ပီထရက်စကူကတော့ သူတို့ဟာ အသားအရောင် ကွဲပြားတဲ့ တခြားမော်ဒယ် ဓာတ်ပုံတွေကိုလည်း AIနဲ့ ဖန်တီးခဲ့ပြီး Instagramမှာ တင်ထားခဲ့ပေမယ့် လူတွေက စိတ်ဝင်စားမှု သိပ်နည်းတာကို သတိပြုမိခဲ့ကြောင်း၊ ဒါကြောင့်လည်း Guessရဲ့ ကြော်ငြာအတွက် လှပပျော့ရှင်းတဲ့ လူဖြူအမျိုးသမီး တစ်ဦးရဲ့ ပုံရိပ်ကိုသာ အာရုံစိုက် ဖန်တီးခဲ့ကြောင်း ဖြေရှင်းသွားပါတယ်။
AIနဲ့ ဖန်တီးထားပြီး အလွန်အကျွံ ပြည့်စုံလှပနေတဲ့ မော်ဒယ် ဓာတ်ပုံတွေဟာ လူသားတွေရဲ့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ရှုမြင်မှုတွေအပေါ် ဆိုးကျိုး သက်ရောက်နိုင်ကြောင်း ဝေဖန်မှုတွေ အရင်ကတည်းက ရှိခဲ့ပါတယ်။ အစားအသောက် မူမမှန်မှု တိုက်ဖျက်ရေး ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Beatရဲ့ အမှုဆောင်ချုပ် ဗင်နက်ဆာ လောင်လေက လူတွေဟာ AIနဲ့ ဖန်တီးထားတဲ့၊ အစစ်အမှန်မဟုတ်တဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကို မြင်ပါ များလာတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ရဲ့ အနေအထား အမှန်အပေါ် မှားယွင်းတဲ့ အတွေးတွေ ဝင်လာတာမျိုး ကြုံနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

နည်းပညာ လုပ်ငန်းရှင် တစ်ဦးဖြစ်၊ ကိုယ်တိုင်လည်း မော်ဒယ်တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ဆင်နီယက်ဒ် ဘိုဗဲလ်ကတော့ AI အသုံးပြုမှုနဲ့ ပတ်သက်တဲ့ စံနှုန်းတွေဟာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း ပြောပါတယ်။ နည်းပညာ အသုံးပြု ဖန်တီးမှုတွေဟာ အလှအပရေးရာ အယူအဆတွေအပေါ် အရင်ကတည်းက သက်ရောက်မှုတွေ ရှိနေခဲ့ကြောင်း၊ ဥပမာ မိန်းကလေးငယ် အများအပြားဟာ ပြုပြင်ထားတဲ့ ဓာတ်ပုံတွေထဲက ပုံမျိုးတွေဖြစ်အောင် ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှုတွေ ခံခဲ့ကြကြောင်း၊ အခုတော့ သူတို့အတွက် ကိုးကားစရာ အသစ်အဖြစ် လုံးဝဥဿုံ လူအစစ်မဟုတ်တဲ့ AI ပုံရိပ်တွေပါ ရှိလာတော့မှာဖြစ်ကြောင်း သူက ဆိုပါတယ်။
Seraphinne Vallora ကုမ္ပဏီကတော့ သူတိုရဲ့ ထုတ်ကုန် ပုံရိပ်တွေဟာ ဖက်ရှင်လောကထဲက တကယ့် ပရော်ဖက်ရှင်တွေရဲ့ နေရာမှာ အစားထိုးဖို မဖြစ်နိုင်ဘူးလို ငြင်းဆိုထားဆဲပါ။ တစ်ဖက်မှာတော့ ကုမ္ပဏီဖက်က ကမ်းလှမ်းနိုင်တဲ့ AI ပုံရိပ်တွေဟာ အရမ်း တန်ကြေးမြင့်တဲ့ မော်ဒယ်တွေ ငှားရမ်းတာ၊ နောက်ခံ ဒီဇိုင်းတွေ ဖန်တီးရတာမျိုး လိုအပ်ချက်တွေကို ကျော်လွှားနိုင်စေမှာ ဖြစ်တယ်လို ကုမ္ပဏီက ဆိုပါတယ်။
Vogue မဂ္ဂဇင်းက ကြော်ငြာကဏ္ဍ ဆိုတာဟာ မဂ္ဂဇင်းရဲ့ စာတည်းမူဝါဒတွေနဲ့ လုံးဝ မပတ်သက်တာကြောင့် အခုကိစ္စကို မှတ်ချက်မပေးလိုကြောင်းပဲ ပြောကြားထားပါတယ်။ ဘိုဗဲလ်ကတော့ AIဟာ နောင်အခါမှာ ပိုပြီး အတွေ့များတဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ပေမယ့် ဖက်ရှင်လောကမှာ အဓိက လွှမ်းမိုးနိုင်တဲ့ အဆင့်မျိုးထိတော့ ရောက်လာမှာ မဟုတ်ဘူးလို ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: Guess











































