ဇွန်-၆၊၂၀၂၅။ရဲခေါင်/People’s Spring
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) နှင့် မဟာမိတ်အချင်းချင်းအကြား ဖြစ်ပေါ်ခဲ့သည့် နယ်မြေဆိုင်ရာ အငြင်းပွားမှုများကို နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံနိုင်ရေးကြိုးပမ်းနေဆဲဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဇွန်လ ၅ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
KIA နှင့် TNLA တို့သည် ၂၀၂၄ နှစ်ကုန်ပိုင်းနှင့် ယခု နှစ်ဆန်းပိုင်းတွင်ရှမ်းမြောက်ဒေသ၌ နယ်မြေဆိုင်ရာနှင့်ပတ်သက်၍ အောက်ခြေတပ်အကြား အငြင်းပွားမှု၊တင်းမာမှုနှင့်ပြဿနာအချို့ရှိခဲ့သည်။
“မဟာမိတ်နဲ့ပတ်သက်ပြီးလက်ရှိကျမတို့ ရင်ဆိုင်နေတဲ့ နယ်မြေအငြင်းပွားမှုတွေဖြစ်ပါတယ်” ဟု လွေးယေဦးကပြောသည်။

Public Service Announcement
နယ်မြေဆိုင်ရာပြဿနာများသည် TNLAနှင့် KIA အကြားတွင်သာ ရှိသည်မဟုတ်ဘဲ လွတ်မြောက်ပြီးနယ်မြေများ၌ ဖြစ်စေ အခြား နယ်မြေဒေသများ၌ဖြစ်စေနိုင်ငံတဝန်း၌ ရှိနေသည်ဟုလည်းဆိုသည်။
မဟာမိတ်ပြဿနာကိုမဟာမိတ်အချင်းချင်းတွေ့ဆုံပြီးဖြစ်စေ၊ မဟာမိတ်ဆက်ဆံရေးဌာနက တဆင့်ဖြစ်စေ ဖြေရှင်းကြရမည်ဟု ၎င်းကဆက်ပြောသည်။ နယ်မြေဆိုင်ရာ အငြင်းပွားမှု ရှိနေသည့် KIAနှင့် TNLA အကြား ပြသနာများဖြေရှင်းရန်စာပို့ခြင်း၊ဆက်သွယ်ခြင်းများ ရှိခဲ့ကြောင်းလည်း၎င်းကဆိုသည်။
“တဖက်မှာလည်း ဗဟိုအဆင့် တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးလည်းကျမတို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။”ဟုလွေးယေဦးကပြောသည်။
KIAနှင့်TNLA အကြား ပြဿနာများဆွေးနွေးဖြေရှင်းနိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်း၏ဗဟိုအဆင့် တွေ့ဆုံရန် ကနဦး ညှိနှိုင်းမှုများပြု လုပ်ထားသည်။ ၂၀၂၅ နှစ်ဆန်းကတည်းက ဗဟိုအဆင့် ခေါင်းဆောင်များ တွေ့နိုင်ရေးညှိနှိုင်းနေသော်လည်း နှစ်ဝက်ခန့် ရောက်သည်အထိ တွေ့ဆုံနိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်။
ရှမ်းမြောက်တွင် KIA တပ်မဟာ ၄ ၊ ၆ နှင် ၁၀ စုစုပေါင်း တပ်မဟာ သုံးခုရှိပြီး မေလဆန်းတွင် ယင်းတပ်မဟာ နယ်မြေများသို့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် သွားရောက်ခဲ့သည်။
