ဇွန်-၂၊၂၀၂၅။ဇော်ရမ်း၊မေရီ/People’s Spring
မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းတွင်ဇွန်လ ၂ရက် နံနက် ၃နာရီခွဲခန့်က ခရီးသည်တင်ကားတစ်စီး တိမ်းမှောက်ပြီးခရီးသည် ၆ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့သည်။
မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄မိုင်) ၃ဖာလုံနဲ့ ၄ဖာလုံကြားမှာ Elite Express ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ (၆)ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။
“မိုးကလည်း ရွာထားတယ်။ အဲလမ်းက ကျဥ်းလည်းကျဥ်းတယ်။”လို့ မိတ္ထီလာဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးကိုလည်း မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။
သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။
ဒဏ်ရာသူများ၏အခြေအနေလည်း စောင့်ကြည့် နေရသည့်အနေအထားဖြစ်သည်ဟုလူမှုကူညီရေးအသင်းဝင်တဦးကပြောသည်။
မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ၆ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။ တိမ်းမှောက်သည့်ကားအမည်အပါအဝင် အခြား အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သည့် အရပ်ဖက်အဖွဲ့များကလည်း အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။
“နေ့မြင်ညပျောက်ဆိုတာတကယ်ကြီးရယ်။တချို့body တွေဆိုကားပိထားတော့မြင်လို့တောင်မကောင်းဘူး”ဟု မိတ္ထီလာမြို့မှ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင်တင်ထားသည်။
ယခုရက်ပိုင်း မိုးသည်းထန်စွာကရွာနေပြီး အိမ်စီးကားများ၊ ခရီးသည်တင်ကားများအနေဖြင့် ဂရုပြုမောင်းနှင်ကြရန် ဒေသခံများကအကြံပြုသည်။
ယာဥ်ပေါ်ပါသူများ၏အခြေအနေကိုသိရှိလိုသူများအနေဖြင့်ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း၏ဖုန်းနံပါတ် 09692021192 နှင့်09792085085ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်းအသင်းကအသိပေးထားသည်။
ပြီးခဲ့တဲ့ မေလ (၂၆)ရက်နေ့ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မြင်းခြံ- ရန်ကုန် ခရီးသည်တင်ယာဥ်တစ်စီးဟာ ချောင်းရေလျှံနေတဲ့ ဆင်တဲဝချောင်းထဲ ဖြတ်သန်းရင်း မျောပါသွားခဲ့ပြီး ပြည်သူတွေ စုပေါင်းကယ်ကြလို့ ကားပေါ်ပါသူတွေ အသေအပျောက်မရှိခဲ့ပါဘူး။
ဒီကနေ့ ဇွန်လ(၂)ရက်နေ့မှာလည်း ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
