အသက် ၆ နှစ်သာ ရှိသေးတဲ့ သမီးအရင်းကို ရောင်းစားကြောင်း စွပ်စွဲခံထားရတဲ့ အမျိုးသမီးကို တောင်အာဖရိက တရားရုံးတစ်ခုက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။
မေလ ၂၉ ရက်နေ့ စီရင်ချက်မှာတော့ ကယ်လီလို့ အများက ခေါ်ဝေါ်တဲ့ ရေချယ်လ် စမစ်သ်ဟာ တခြား ကြံရာပါ နှစ်ဦးနဲ့အတူ အပြင်းထန်ဆုံး ထောင်ဒဏ်ကို ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ယောက်က သူ့ရဲ့ ချစ်သူ ဂျာကွင်း အက်ပေါ်လစ္စနဲ့ သူတို့စုံတွဲရဲ့ သူငယ်ချင်း စတီဗာနို ဗန်ရိုင်းတို့ ဖြစ်ပါတယ်။
မိန်းကလေးငယ် ဂျော့ရှ်လင်း စမစ်သ်ရဲ့ ထူးထူးဆန်းဆန်း ရုတ်တရက် ပျောက်ဆုံးသွားမှုအပြီး တစ်နှစ်ကျော် အကြာမှာ တရားရုံး စီရင်ချက် ထွက်ပေါ်လာတာပါ။ ဂျော့ရှ်လင်းဟာ ကိပ်တောင်းမြို့နားက ဆယ်လ်ဒန်ဟာ ပင်လယ်ကွေ့နားက နေအိမ် အပြင်ဖက်မှာ ကစားနေရင်း ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ပျောက်ဆုံးနေတဲ့ မိန်းကလေး အကြောင်းက တောင်အာဖရိကမှာ အရမ်း အာရုံစိုက် ခံခဲ့ရပြီး ဖြန့်ကျက် ရှာဖွေနေပေမယ့် အခုထိ မတွေ့သေးပါဘူး။ တောင်အာဖရိက အစိုးရ ရှေ့နေတွေက ရေချယ်လ်ဟာ သမီးဖြစ်သူကို ကျေးကျွန်အဖြစ် ရောင်းစားခဲ့ကြောင်း စွပ်စွဲခဲ့ပေမယ့် တရားခွင်ထဲမှာ အဲဒီ အချက်ကို သက်သေ အခိုင်အမာ မတင်ပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

Public Service Announcement
အစိုးရ ရှေ့နေတွေက ရေချယ်လ်ဟာ မူးယစ်ဆေး စွဲနေပြီး ငွေလိုနေတာကြောင့် သမီးဖြစ်သူကို ရောင်းစားခဲ့တာလို့ ပြောပါတယ်။ သီတင်း ၈ ပတ်ကြာ ကြားနာမှုအတွင်း သက်သေတွေကလည်း ရေချယ်လ်နဲ့ ကြံရာပါတွေကို ပြင်းပြင်းထန်ထန် စွပ်စွဲမှုတွေ ထွက်ဆိုခဲ့ကြပါတယ်။
တရားသူကြီး နေသန် အာရက်စ်မတ်စ်က စီရင်ချက်ကို ကြေညာချိန်မှာ တရားခံ ၃ ဦးထဲက ဘယ်သူက ပိုပြီး အပြစ်ကြီးသလဲ ဆိုတာကို သူ့အနေနဲ့ ခွဲခြားလို့ မရကြောင်း ပြောပါတယ်။ တရားသူကြီးက တရားခံ ၃ ဦးစလုံးဟာ လူမှောင်ခိုမှု၊ ပြန်ပေးဆွဲမှု စွပ်စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး လူမှောင်ခိုမှုအတွက် ထောင်ဒဏ် တစ်သက်၊ ပြန်ပေးဆွဲမှုအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။
ဆယ်လ်ဒန်ဟာမြို့က တရားရုံးမှာ စီရင်ချက်ကို ဖတ်ကြား ကြေညာနေချိန်အတွင်း အသက် ၃၅ နှစ်အရွယ် ရေချယ်လ်ရော၊ သူ့ရဲ့ ကြံရာပါတွေပါ ဘာစိတ်ခံစားချက်မျိုးကိုမှ မပြသခဲ့ကြပါဘူး။ တရားခွင်မှာတော့ မြို့ခံပြည်သူတွေကို တက်ရောက်ပြီး နားထောင်ခွင့် ပြုထားခဲ့ပါတယ်။
မိခင်နဲ့ ကြံရာပါတွေကို ပြစ်ဒဏ်စီရင် ချမှတ်ပြီး ဖြစ်ပေမယ့် ကလေးမလေးကတော့ ဘယ်ရောက်နေသလဲ ဆိုတာကို အခုထိ မသိရသေးပါဘူး။ တောင်အာဖရိက ရဲတပ်ဖွဲ့ကတော့ နိုင်ငံပြင်ပထိ လိုက်ရှာရမယ် ဆိုရင်တောင် ဂျော့ရှ်လင်းကို ရအောင်ရှာမယ်လို့ ပြောကြားထားပါတယ်။
တရားစီရင် စစ်ဆေးနေတဲ့ ကာလအတွင်း တရားခံတွေဟာ ကလေးကို ဝယ်ယူသွားတယ်ဆိုတဲ့ လူပုဂ္ဂိုလ်ရဲ့ နာမည်ကို လုံးဝ ထုတ်မပြောခဲ့ဘူးလို့ ဆိုပါတယ်။ ဒေါသထွက်နေတဲ့ ဒေသခံတွေက တရားရုံး စီရင်ချက် မတိုင်ခင် ကတည်းက တရားခံ ၃ ဦးစလုံးကို အပြင်းထန်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ဖို့ တောင်းဆိုနေခဲ့ကြပါတယ်။
မြို့ခံ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးက ၂၀၂၃ ခုနှစ်အတွင်း ရေချယ်လ်က သူ့ရဲ့ ကလေး ၃ ယောက်ကို တစ်ယောက်စီအတွက် ရန်ငွေ ၂၀၀၀၀၊ တစ်နည်းအားဖြင့် ဒေါ်လာ ၁၁၀၀ လောက်ရရင် ရောင်းချင်တယ်လို့ ပြောဆိုနေတာ ကြားမိခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ တကယ်လို့ တေ့တေ့ဆိုင်ဆိုင် ဝယ်လက်ရှိလာရင် ကလေး တစ်ယောက်စာ စျေးကို ၂၇၅ ဒေါ်လာထိ လျှော့ပေးဖို့ ဆန္ဒရှိတယ်လို့ ရေချယ်လ်က ပြောခဲ့တယ်လို့လည်း အဲဒီ ဘုန်းတော်ကြီးက သက်သေ ထွက်ဆိုခဲ့ပါတယ်။
ဂျော့ရှ်လင်းရဲ့ ဆရာမ ဖြစ်သူကလည်း ကလေးကို လိုက်ရှာနေချိန် အတောအတွင်း ရေချယ်လ်က သူ့သမီးဟာ သင်္ဘော တစ်စီးပေါ်က ကွန်တိန်နာ တစ်လုံးထဲမှာ ပါသွားပြီး အနောက်အာဖရိကဖက်ကို ခရီးသွားနေပြီလို့ လာပြောခဲ့ကြောင်း တရားသူကြီးဆီ ထွက်ချက်ပေးခဲ့ပါတယ်။
ပိုပြီး ကြောက်စရာကောင်းတဲ့ ထွက်ဆိုချက် တစ်ခုမှာတော့ ရေချယ်လ်ဟာ ဂျော့ရှ်လင်းရဲ့ မျက်လုံးတွေနဲ့ အရေပြားကို ဆေးဖော်ဖို့ လိုချင်နေတဲ့ ရိုးရာ ဗိန္ဓောဆရာဆီ ရန်ငွေ ၂၀၀၀၀ နဲ့ ရောင်းချခဲ့တယ်လို့ စွပ်စွဲထားကြောင်း တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။
ရေချယ်လ်ကတော့ သူ့ကို စွပ်စွဲတဲ့ သက်သေ ထွက်ချက်တိုင်းဟာ မျက်နှာပြောင် တိုက်ထားတဲ့ အလိမ်အညာတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။ တရားရုံးကတော့ သက်သေ ထွက်ဆိုသူတွေဟာ ဂျော့ရှ်လင်းနဲ့ နီးစပ်ပြီး အခြေအနေကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသူတွေအဖြစ် လက်ခံယူဆကြောင်း ကြေညာခဲ့ပါတယ်။
တောင်အာဖရိက နိုင်ငံမှာ ပြန်ပေးဆွဲမှုတွေက အရေအတွက် မြင့်မြင့်မားမား ဖြစ်ပေါ်နေပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်ခင် ၁၂ အတွင်း ပြန်ပေးမှုပေါင်း ၁၇၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ အချက်အလက် စစ်တမ်းတွေအရ သိရပါတယ်။
ကိုးကား: Guardian
