မေ ၃၀၊၂၀၂၅။ထားမြတ်/People’s Spring
စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခဲ့သည့် စစ်မှုထမ်း တပ်သားသစ် နှစ်ဦး လက်နက်ခဲယမ်း ယူလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃)ဒေါနတပ်ရင်းထံ အလင်းဝင်လာကြောင်း ဒေါနတပ်ရင်းက သတင်းထုတ်ပြန်သည်။
ရေးမြို့နယ်အခြေစိုက် ခမရ(၅၈၈)၌ တာဝန်ထမ်းဆောင်နေသည့် တပ်သား ရန်လင်းထွန်းနှင့် တပ်သား နေသူအောင်တို့သည် စစ်ကောင်စီ၏ အဓမ္မ စစ်သားစုဆောင်းမှု ခံခဲ့ရသူများဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ ဝဲဂလိအခြေစိုက် အမှတ် (၄)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက (၄) အပတ်စဥ် (၆)မှ သင်တန်းဆင်းတပ်သားများဖြစ်ကြသည်ဟု အသိပေးထားသည်။
အလင်းဝင်လာသူ တပ်သားနှစ်ဦးသည် လက်နက်တစ်လက်နှင့် ကျည်အချို့ ယူဆောင်လာရာ ဗျူဟာ (၃၃)စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ဆုငွေပေးအပ်ခဲ့သည်ကို မှတ်တမ်းဓာတ်ပုံ၌ တွေ့ရသည်။

Public Service Announcement
ခမရ (၅၅၈)တပ်ရင်းမှတပ်သား ရန်လင်ထွန်းသည် (၁၀)တန်းကျောင်းအောင် လူငယ်တစ်ဦးဖြစ်ပြီး၊ ညဘက်အပြင်သွားနေစဥ် အတင်းအဓမ္မတပ်သားအဖြစ်စုဆောင်းခံခဲ့ရကြောင်း၊ တပ်သားနေသူအောင်သည် မွေးရပ်ဇာတိတွင် တက္ကစီဆွဲ ခရီးသည်ပို့နေစဉ် အတင်းအဓမ္မစုဆောင်းခံရသူဖြစ်ကြောင်း ဒေါနတပ်ရင်းက ထုတ်ပြန်သည်။
တပ်သား နှစ်ဦး၏ ထွက်ဆိုချက်ကိုလည်း ဒေါနတပ်ရင်းက ထုတ်ပြန်ခဲ့ရာ စစ်တပ်၏ အာဏာရှင် စနစ်ကို မကြိုက်၍ အလင်းဝင်ဝင်လာခြင်းဖြစ်ပြီး စစ်ကောင်စီ နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း ၁၀၀ ဦးလျင် ၉၀ ဦးက ထွက်ပြေးချင်ကြသည်ဟု ဆိုသည်။
စစ်တပ်အတွင်း ထိန်းချုပ်မှုများလွန်ကဲပြီး အပြစ်ပေးစနစ်ကိုပို၍တင်းကြပ်လာကြောင်း၊ တပ်အတွင်းလုံခြုံမှုနည်းလာပြီး ထွက်ပြေးသူများလာ၍ အရာရှိများက ခြိမ်းခြောက် ပြောဆိုမှုများ ရှိနေကြောင်း အလင်းဝင်လာသူ နှစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ကို ပြန်တော်လှန်သွားမည်ဟု အလင်းဝင်လာသူ ၂ဦးက ပြောကြောင်းလည်း ဒေါနတပ်ရင်းက ဖော်ပြသည်။
ဒေါနတပ်ရင်းသို့ အလင်းဝင်လာသူ စုစုပေါင်း ၆၀ ကျော်ရှိပြီး ယင်းအနက် ၂၀ကျော်သည် စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်တိုက်ခိုက်နေကြောင်း ရဲဘော် စောဒါးကိုက ပြောသည်။ ထိုကြောင့် ကျန်နေသည့် စစ်ကောင်စီတပ်သားများ ပြည်သူ့ဘက်သို့ ရပ်တည်ရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။
